မန်စီးတီးရဲ့ နောက်ဆုံးမိနစ်အနိုင်ဂိုးက အာဆင်နယ်အတွက် ပြင်းထန်တဲ့ ထိုးနှက်ချက်ဖြစ်လာမယ်လို့ ရွိုင်ကိန်း သုံးသပ်
မန်ချက်စတာစီးတီးအသင်းက လီဗာပူးအသင်းကို ပွဲပြီးခါနီး နာကျင်အချိန်ပိုဂိုးနဲ့ အနိုင်ရရှိသွားတာဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို အပြိုင်လုနေတဲ့ အာဆင်နယ်အသင်းအတွက်တော့ ပြင်းထန်တဲ့ ထိုးနှက်ချက် ဖြစ်လာလိမ့်မယ်လို့ မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက သုံးသပ်ပြောကြားလိုက်ပါတယ်။
လက်ရှိမှာ ပက်ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ဇယားထိပ်က အာဆင်နယ်အသင်းနဲ့ ခြောက်မှတ်အကွာမှာ ရှိနေတာပါ။ ဒါပေမဲ့ အန်ဖီးလ်ကွင်းမှာ နောက်ဆုံးမိနစ်အထိ အကြိတ်အနယ်ကစားပြီး အနိုင်ရခဲ့တာကြောင့် အာဆင်နယ်ကို ဖိအားတွေ ဆက်လက်ပေးနိုင်ခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာ အာလင်းဟာလန်းက ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ပင်နယ်တီကတစ်ဆင့် အနိုင်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ နည်းပြ ပက်ဂွာဒီယိုလာလက်ထက်မှာ မန်စီးတီးအနေနဲ့ မာဆေးဆိုဒ်မြေမှာ ၁၁ ကြိမ် လာရောက်ကစားခဲ့ရာမှာ ဒုတိယမြောက် အနိုင်ရရှိမှုလည်း ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူဟောင်း ရွိုင်ကိန်းကတော့ ဒီရလဒ်ဟာ မန်စီးတီးအတွက် အလွန်ကြီးမားတဲ့ နိုင်ပွဲဖြစ်တယ်လို့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။ မန်စီးတီးဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ဖူလ်ဟမ်ကို အနိုင်ရခဲ့ရင် အာဆင်နယ်နဲ့ အမှတ်ကွာဟမှုကို သုံးမှတ်အထိ လျှော့ချနိုင်မှာပါ။
"ဒါဟာ မန်စီးတီးအတွက် အများကြီး ခွန်အားဖြစ်စေပါတယ်။ အန်ဖီးလ်မှာ သူတို့ရဲ့ မှတ်တမ်းက သိပ်မကောင်းလှဘူးလေ။ ပွဲမတိုင်ခင် ပက်ပြောခဲ့သလိုပဲ အန်ဖီးလ်မှာ ကစားတဲ့အခါ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို ပြသနိုင်ဖို့ လိုအပ်ပြီး မန်စီးတီးကစားသမားတွေက အဲဒါကို အထူးသဖြင့် ဒုတိယပိုင်းမှာ သက်သေပြနိုင်ခဲ့တယ်" လို့ ရွိုင်ကိန်းက ဆိုပါတယ်။
၎င်းက ဆက်လက်ပြီး မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ၁၈ လအတွင်း သူတို့သတ်မှတ်ထားတဲ့ စံနှုန်းတွေဆီ မရောက်နိုင်လို့ ဝေဖန်ခံခဲ့ရပေမဲ့ ဒီနေ့မှာတော့ အရည်အသွေးနဲ့ အနိုင်လိုစိတ်ကို အပြည့်အဝ ပြသနိုင်ခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်။
"ဒါဟာ သာမန်သုံးမှတ်ထက် ပိုပါတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်မှုဖြစ်သလို အာဆင်နယ်အတွက်လည်း ပြင်းထန်တဲ့ ထိုးနှက်ချက်ပါပဲ။ အာဆင်နယ်က အမှတ်ဖြတ်ထားဆဲဆိုပေမဲ့ မန်စီးတီးက ဦးဆောင်ဂိုးပေးလိုက်ရပြီးမှ အနိုင်ရခဲ့တာကို မြင်တွေ့ရတာဟာ သူတို့အတွက် ဖိအားဖြစ်စေမှာပါ" လို့ ရွိုင်ကိန်းက ဖွင့်ဟခဲ့ပါတယ်။
တစ်ဖက်မှာလည်း အာဆင်နယ်အသင်းကတော့ စနေနေ့က ပွဲစဉ်မှာ ဆန်းဒါးလန်းအသင်းကို အီးမရိတ်စ်ကွင်းမှာ (၃-၀) နဲ့ အပြတ်အသတ်အနိုင်ယူပြီး ဇယားထိပ်က နေရာကို အခိုင်အမာနေရာယူထားတာဖြစ်ပါတယ်။
လီဗာပူးနဲ့ပွဲစဉ်မှာတော့ မန်စီးတီးဟာ ဒိုမီနစ် ဆိုဘိုဆလိုင်းရဲ့ လှပတဲ့ ဖရီးကစ်ဂိုးကြောင့် ဒုတိယပိုင်းမှာ ဦးဆောင်ဂိုး ပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒဏ်ရာက ပြန်လာတဲ့ ဘာနာဒိုဆေးလ်ဗားက ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့ပြီး ပွဲပြီးခါနီးမှာတော့ အရှိန်မြင့်လာခဲ့ပါတယ်။
ပွဲအဆုံးသတ်ခါနီးမှာ လီဗာပူးဂိုးသမား အလီဆင်က မားသီးရပ်စ် နူနက်စ်ကို ဖျက်ထုတ်ပုံ မှားယွင်းခဲ့တာကြောင့် မန်စီးတီး ပင်နယ်တီ ရရှိခဲ့တာပါ။ အဆိုပါ အခွင့်အရေးကို အာလင်းဟာလန်းက အမှားအယွင်းမရှိ အဆုံးသတ်ကန်သွင်းပြီး မန်စီးတီးအတွက် အဖိုးတန် အနိုင်သုံးမှတ်ကို ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။