ယူနိုက်တက်အတွက် စတင်ပွဲထွက်ကစားနိုင်ခဲ့လို့ အလွန်ဝမ်းမြောက်မိကြောင်း တိုင်လာဖလက်ချာ ဖွင့်ဟ
စနေနေ့က ကစားခဲ့တဲ့ တော့တင်ဟမ်နဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက ၂ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး အဆိုပါပွဲစဉ်မှာ အသင်းကြီးအတွက် ပွဲဦးထွက်ခွင့်ရရှိခဲ့တဲ့အပေါ် တိုင်လာဖလက်ချာက အလွန်ဝမ်းမြောက်မိကြောင်း ပြောကြားလိုက်ပါတယ်။
တိုင်လာဖလက်ချာဟာ ပွဲပြီးခါနီးအချိန်မှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့တာဖြစ်ပြီး သူ့ရဲ့အမြွှာညီအစ်ကိုဖြစ်သူ ဂျက်ဖလက်ချာရဲ့ ခြေရာကိုနင်းကာ အသင်းကြီးအတွက် ပထမဆုံးအကြိမ် ပါဝင်ကစားခွင့်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ပွဲအပြီး အမ်ယူတီဗွီနဲ့ အင်တာဗျူးမှာ တိုင်လာဖလက်ချာက "ဒါဟာ ရူးသွပ်စရာကောင်းတဲ့ နေ့တစ်နေ့ပါပဲ။ ကျွန်တော် တကယ်ကို ရင်ခုန်စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးနေ့တစ်နေ့ဖြစ်သလို အိမ်မက်တွေ တကယ်ဖြစ်လာတာလည်း ဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
သူက ဆက်လက်ပြီး "တစ်လျှောက်လုံး ကျွန်တော့်ကို ပံ့ပိုးပေးခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။ အကယ်ဒမီထွက် ကစားသမားတစ်ယောက်အနေနဲ့ ဒီလိုဝတ်စုံနံပါတ်ကို ဝတ်ဆင်ခွင့်ရတာဟာ ဂုဏ်ယူစရာဖြစ်ပြီး လူတိုင်း ဒီလိုအခွင့်အရေးမျိုး မရနိုင်ပါဘူး။ အခုလို ဖြစ်လာခဲ့တဲ့အတွက် ကျေးဇူးတင်မိသလို အိုးထရက်ဖို့ဒ်ကွင်းထဲမှာ ဆင်းကစားခွင့်ရတာက တကယ်ကို ထူးခြားတဲ့ ခံစားချက်ပါပဲ" လို့ ဆိုပါတယ်။
အသင်းကြီးလူစာရင်းမှာ ပါဝင်ခွင့်ရခဲ့ပုံနဲ့ ပတ်သက်ပြီးတော့လည်း "မနေ့က လေ့ကျင့်ရေးအစီအစဉ်အပြီးမှာ ကျွန်တော် လူစာရင်းထဲမှာ ပါဝင်တယ်ဆိုတာ သိခဲ့ရတာပါ။ အသင်းကြီးနဲ့အတူ လိုက်ပါရမယ်၊ အရန်ခုံမှာ ထိုင်ရမယ်လို့ သိလိုက်ရတဲ့အချိန်မှာ တကယ်ကို ပျော်ရွှင်သွားခဲ့ပါတယ်" လို့ ၎င်းက ဖွင့်ဟခဲ့ပါတယ်။
ပွဲကစားချိန် နောက်ဆုံး ၅ မိနစ်နဲ့ နာကျင်အချိန်ပို ၅ မိနစ်မှာ သူ သွေးပူလေ့ကျင့်ခန်း လုပ်နေခဲ့တာဖြစ်ပြီး ကွင်းထဲဝင်ဖို့ အခေါ်ခံရတဲ့အချိန်မှာတော့ "ဒါဟာ တကယ်ဖြစ်နေတာလား" ဆိုပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် နည်းပြအဖွဲ့ဝင်တွေက သူ့ကို ကွင်းထဲမှာ ပျော်ပျော်ရွှင်ရွှင်ကစားဖို့၊ ဘောလုံးပေးပို့မှုတွေနဲ့ ထိချက်တွေ များများရအောင်လုပ်ဖို့ မှာကြားခဲ့ပြီး သူကလည်း အကောင်းဆုံး ကြိုးစားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။