The network connection is lost.

Banner Image

ကိုဘီမိုင်နူးရဲ့ ခြေစွမ်းပြမှုက ရူဘင်အာမိုရင်ကို အရှက်ရစေခဲ့တယ်လို့ ပြောကြားလိုက်တဲ့ အီယန်ရိုက်

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ကိုဘီမိုင်နူးဟာ ယာယီနည်းပြ မိုက်ကယ်ကာရစ်လက်ထက်မှာ တောက်ပတဲ့ခြေစွမ်းတွေ ပြန်လည်ပြသနေပြီး ဒီအချက်က နည်းပြဟောင်း ရူဘင်အာမိုရင်ကို အရှက်ရစေတယ်လို့ အာဆင်နယ်တိုက်စစ်မှူးဟောင်း အီယန်ရိုက်က မှတ်ချက်ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း အာမိုရင် ရာထူးက ထုတ်ပယ်ခံရပြီးနောက် မိုက်ကယ်ကားရစ် ယာယီနည်းပြအဖြစ် ရောက်ရှိလာချိန်မှာ မိုင်နူးဟာ အခြေအနေအရပ်ရပ် ပြောင်းလဲသွားပြီး လက်ရှိယူနိုက်တက်ရဲ့ ခြေစွမ်းအပြဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။

ယခင်နည်းပြ အာမိုရင်ဟာ မိုင်နူးကို သူ့ရဲ့အစီအစဉ်တွေထဲမှာ ထည့်သွင်းဖို့ ငြင်းပယ်ခဲ့ပြီး ကွင်းလယ်မှာ မန်နျူရယ်အူဂါတေးနဲ့ ကတ်စီမီရိုတို့ကိုသာ ဦးစားပေးခဲ့သူ ဖြစ်ပါတယ်။ ရာသီအစောပိုင်းတုန်းက မိုင်နူးဟာ ပွဲထွက်ခွင့်ရဖို့အတွက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်နဲ့ ယှဉ်ပြိုင်ရမယ်လို့ အာမိုရင်က အံ့အားသင့်ဖွယ် ပြောဆိုခဲ့ဖူးပါတယ်။

မိုင်နူးဟာ အာမိုရင်လက်ထက်မှာ ပွဲကစားခွင့် အလွန်အမင်း နည်းပါးခဲ့တာကြောင့် ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ နောက်ဆုံးရက်တွေမှာ အသင်းကနေ အငှားနဲ့ ထွက်ခွာခွင့်တောင်းခဲ့ပေမဲ့ ယူနိုက်တက်ဘက်က ငြင်းဆန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ကာလမှာလည်း ချယ်လ်ဆီး၊ နာပိုလီနဲ့ ဘိုင်ယန်မြူးနစ်တို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြတာကြောင့် မိုင်နူးအနေနဲ့ အသင်းကနေ ထွက်ခွာဖို့အထိ စဉ်းစားခဲ့တယ်လို့ သိရပါတယ်။ အာမိုရင်ဟာ သူရာထူးက မထွက်ခွာခင် နောက်ဆုံးအပတ်တွေမှာ မိုင်နူးကို ပွဲမထုတ်တဲ့အပေါ် သတင်းထောက်တွေက မေးမြန်းတဲ့အခါ ဒေါသတကြီး တုံ့ပြန်လေ့ရှိခဲ့ပါတယ်။

ဒါပေမဲ့ မိုက်ကယ်ကာရစ် ရောက်လာတဲ့အခါမှာတော့ မိုင်နူးအတွက် အခြေအနေတွေဟာ သိသိသာသာ ပြောင်းလဲသွားခဲ့ပါတယ်။ မိုင်နူးဟာ နည်းပြသစ်လက်ထက် ကစားခဲ့တဲ့ ၄ ပွဲစလုံးမှာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး ယူနိုက်တက်ရဲ့ ၄ ပွဲဆက်တိုက် နိုင်ပွဲတွေမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

အထူးသဖြင့် စနေနေ့က တော့တင်ဟမ်စပါးကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ မိုင်နူးဟာ ထူးခြားပြောင်မြောက်တဲ့ ခြေစွမ်းပြခဲ့တာကြောင့် အာမိုရင်အနေနဲ့ လူငယ်ကစားသမားတစ်ဦးရဲ့ တိုးတက်မှုကို မှားယွင်းစွာ စီမံခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေ ပြင်းထန်လာခဲ့တာပါ။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး အီယန်ရိုက်က ပရီးမီးယားလိဂ် ပရိုဒတ်ရှင်မှာ အခုလို ပြောကြားခဲ့ပါတယ်။ "ဒါက ကိုဘီမိုင်နူးရဲ့ အရည်အသွေးပါပဲ။ အသက် ၁၈ နှစ်နဲ့ အင်္ဂလန်အသင်းမှာ ပါဝင်ပြီး ယူရိုပြိုင်ပွဲမှာ ကစားခဲ့တည်းက သူ့ရဲ့အရည်အသွေးကို ကျွန်တော်တို့ သိပြီးသားပါ။ ရူဘင်အာမိုရင်လက်ထက်မှာ ဘာတွေဖြစ်နေတာလဲဆိုတာ လူတိုင်း ဇဝေဇဝါ ဖြစ်ခဲ့ရပါတယ်။"

"ခြေစွမ်းမကောင်းဖြစ်နေတဲ့ ယူနိုက်တက်အသင်းရဲ့ ပြဿနာအရှိဆုံး ကွင်းလယ်မှာ ပွဲမကစားရဘဲ ဘေးရောက်နေတဲ့ ကစားသမားတစ်ယောက် ဝင်လာပြီး ပြသသွားတဲ့ အရည်အသွေးကိုပဲ ကြည့်လိုက်ပါ။"

"သူတို့ဟာ အရည်အချင်းရှိတဲ့ ကစားသမားတွေ ဖြစ်တာကြောင့် ကွင်းထဲမှာ လွတ်လွတ်လပ်လပ် ကစားခွင့်ပေးထားတယ်လို့ ဘရူနို ပြောတာကိုလည်း ကြားရမှာပါ။ ကိုဘီဟာ တကယ်ကို တော်တဲ့ ကစားသမားဖြစ်ပြီး အခုလို မြင်တွေ့ရတာ ဝမ်းသာပါတယ်" လို့ အီယန်ရိုက်က ဆိုပါတယ်။

ဒါ့အပြင် "တကယ်တမ်းပြောရရင် ဒါဟာ ရူဘင်အာမိုရင်အတွက် အလွန်ရှက်စရာကောင်းပါတယ်။ အသင်းကနေ ထွက်ခွာဖို့ လက်တစ်ကမ်းအလိုအထိ ဖြစ်ခဲ့တဲ့ ယူနိုက်တက်ရဲ့ ကိုယ်ပိုင်ထွက်ကုန် လူငယ်ကစားသမားတစ်ယောက်ကို သူက အခွင့်အရေး မပေးခဲ့တာပါ။ မိုင်နူးကတော့ ဒီနေ့ပွဲမှာ တကယ့်ကို ထူးချွန်ပြောင်မြောက်ခဲ့ပါတယ်" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။