ချာလ်တန်ကို ဂိုးပြတ်အနိုင်ရပြီးနောက် ချဲလ်ဆီးအသင်းရဲ့စွမ်းဆောင်ရည်အပေါ် ကျေနပ်နေတဲ့ ရိုဆင်နာ
ချဲလ်ဆီးရဲ့ ၅-၁ ဂိုးဆိုတဲ့ အပြတ်အသတ် FA Cup ပွဲဦးထွက် နိုင်ပွဲအပြီး ရိုဆင်နာတစ်ယောက် အတော်လေးကို ကျေနပ်အားရနေပါတယ်။
မနေ့က ချန်ပီယံရှစ်ကလပ် ချာလ်တန်ကို ၅-၁ ဂိုးနဲ့ အပြတ်အသတ် အနိုင်ယူပြီး ချဲလ်ဆီးနည်းပြဘဝကို စတင်ခဲ့တဲ့ ရိုဆင်နာက ဒါဟာ "ပရော်ဖက်ရှင်နယ် ဆန်ဆန်" နဲ့ "တောင့်တင်းတဲ့ အစပြုမှု" တစ်ခုဖြစ်တယ်လို့ ချီးကျူးစကား ဆိုလိုက်ပါတယ်။
ဒီနိုင်ပွဲဟာ ၂၀၁၆ ခုနှစ်က ကွန်တီနောက်ပိုင်း ချဲလ်ဆီးနည်းပြတစ်ယောက်အနေနဲ့ ပွဲဦးထွက်မှာ ပထမဆုံးအကြိမ် အနိုင်ရရှိတာလည်း ဖြစ်ပါတယ်။
ကစားသမား ငါးဦးက မတူညီတဲ့ ဂိုးတွေကို အပေးအယူမျှမျှတတနဲ့ သွင်းယူနိုင်ခဲ့တာကြောင့် အသက် ၄၁ နှစ်အရွယ် ဒီနည်းပြကြီးကို အတော်လေး ပျော်ရွှင်စေခဲ့တာပါ။
ပွဲအပြီးမှာ TNT Sports နဲ့ အင်တာဗျူးခဲ့ရာမှာတော့ ရိုဆင်နာက အသင်းရဲ့ အရည်အသွေးကို ချီးကျူးခဲ့ပြီး ကွင်းလယ်နေရာမှာ ကစားပြီး ဂိုးသွင်းယူနိုင်ခဲ့တဲ့ လူငယ်နောက်ခံလူ ဟာတို အပါအဝင် တစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ပြောကြားသွားခဲ့ပါတယ်။
ရိုဆင်နာက "ကျွန်တော့်မှာ အရမ်းကောင်းတဲ့ အသင်းတစ်သင်းရှိနေတာပါ၊ ပွဲထွက်ကစားသမားတွေအတွက်လည်း ကျွန်တော် ဝမ်းသာပါတယ်။ အပြုသဘောဆောင်တဲ့ အချက်တွေ အများကြီးရှိပေမယ့် အစပြုမှု ကောင်းရုံနဲ့တော့ သာယာနေလို့ မရသေးပါဘူး" လို့ ပြောခဲ့ပါတယ်။
ပရိသတ်တွေရဲ့ သံသယတွေကြားကနေ အသင်းကို တာဝန်ယူခဲ့ရတဲ့ ရိုဆင်နာက သူ့ရဲ့ နည်းဗျူဟာတွေကို ကစားသမားတွေက လက်ခံကျင့်သုံးနိုင်မှုကို အလေးပေး ပြောကြားခဲ့သလို လာမယ့် ဗုဒ္ဓဟူးနေ့မှာ ကစားရမယ့် အရေးကြီးပွဲစဉ် အပါအဝင် ပွဲကျပ်ကာလတွေအတွက်လည်း ကြိုတင်ပြင်ဆင်နေပါတယ်။
"ဒီအတိုင်းသာ ဆက်ပြီး ကြိုးစားသွားမယ်ဆိုရင် အနာဂတ်အတွက် ကျွန်တော် တကယ်ကို စိတ်လှုပ်ရှားမိပါတယ်" လို့လည်း သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။