ဟားလ်စီးတီးကိုအနိုင်ရတဲ့ပွဲက ချဲလ်ဆီးအသင်းရဲ့ စိတ်ဓာတ်ပိုင်းအပေါ် ရိုစီနီယာ အလွန်ကျေနပ်နေ
ယနေ့နံနက်ကစားခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ ဟားလ်စီးတီးကို အနိုင်ယူခဲ့တဲ့ ချဲလ်ဆီးအသင်းသားတွေရဲ့ စိတ်ဓာတ်နဲ့ အပြုအမူတွေအပေါ် နည်းပြလီယမ်ရိုစီနီယာက အလွန်ကျေနပ်အားရနေပါတယ်။
MKMကွင်းမှာ ကစားခဲ့တဲ့ အဲဒီပွဲမှာ ချဲလ်ဆီးက ၄-၀ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး၊ ပတ်ဒရိုနက်တိုက ကစားသမားဘဝ ပထမဆုံး ဟက်ထရစ်ကို သွင်းယူပြီး အသင်းကို အေးအေးဆေးဆေး အနိုင်ရအောင် ကူညီပေးခဲ့ပါတယ်။
နက်တိုရဲ့ ဟက်ထရစ်ဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ တမ်မီအေဘရာဟမ်က လူတန်တောင်းနဲ့ပွဲမှာ သွင်းယူခဲ့ပြီးနောက်ပိုင်း အက်ဖ်အေဖလားပွဲစဉ်တစ်ခုမှာ ချဲလ်ဆီးကစားသမားတစ်ဦးရဲ့ ပထမဆုံး ဟက်ထရစ်လည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ရိုစီနီယာကတော့ ကစားသမားတစ်ဦးချင်းစီထက် တစ်သင်းလုံးရဲ့ စုပေါင်းအားထုတ်မှုကိုပဲ ချီးကျူးသွားခဲ့ပါတယ်။
ဒီပွဲမှာ ချဲလ်ဆီးက ဂိုးကန်သွင်းခွင့် ၁၃ ကြိမ်ရခဲ့ပြီး ဟားလ်အသင်း
ရိုစီနီယာက "ပထမပိုင်းမှာ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ စိတ်ဓာတ်ပိုင်းကို တကယ်ပဲ ကျေနပ်မိပါတယ်။ ဒါဟာ ခက်ခဲတဲ့ ပွဲတစ်ပွဲပါ။ ချန်ပီယံရှစ်မှာ ခြေစွမ်းပြနေတဲ့ ဟားလ်အသင်းကိုလည်း ချီးကျူးပါတယ်။ သူတို့ ဒီနှစ်မှာ ပရီမီယာလိဂ်ကို တက်လှမ်းနိုင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ပွဲအပေါ် ထားရှိတဲ့ စိတ်ဓာတ်နဲ့ ကြိုးစားမှုတွေကြောင့်ပဲ ဒီနေ့ပွဲမှာ အခြေအနေကောင်းတွေ ရရှိခဲ့တာပါ။
တိုးတက်အောင် လုပ်ရမယ့်အချက်တွေ အများကြီးရှိပေမဲ့ ကျွန်တော်တို့ အတူတူ စတင်ခဲ့တဲ့ ခရီးစဉ်အပေါ်မှာတော့ အများကြီး ကျေနပ်မိပါတယ်။ ပတ်ဒရိုနက်တိုက တကယ့်ကို ထူးချွန်ပြီး အရည်အချင်းရှိသလို တကယ်လည်း ကြိုးစားတဲ့သူပါ။ ဒီနေ့ သူဂိုးတွေ သွင်းနိုင်ခဲ့လို့ ကျွန်တော် တကယ်ပဲ ဝမ်းသာပါတယ်။ အားလုံးကလည်း တစ်ယောက်အတွက်တစ်ယောက် အစွမ်းကုန် ကြိုးစားပေးခဲ့ကြပါတယ်။ အကျေနပ်ဆုံးကတော့ စိတ်ဓာတ်ပိုင်းပါပဲ။ သူတို့ဟာ အသင်းအတွက် တကယ့်ကို ဂုဏ်ယူစရာ ကစားသမားတွေပါ။ ဒါဟာ အောင်မြင်မှုရဖို့ လိုအပ်တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြိုးပမ်းမှုမျိုးဖြစ်ပြီး တကယ့်ကို ခိုင်မာတဲ့ ခြေစွမ်းမျိုး ပြသနိုင်ခဲ့တာပါ" လို့ ပြောခဲ့ပါတယ်။