ပတ်ဒရိုနက်တိုကို ကမ္ဘာ့အဆင့်ကစားသမားတစ်ဦးအဖြစ် ချီးကျူးလိုက်တဲ့ ရိုစီနီယာ
ချဲလ်ဆီးနည်းပြ စီနီယာက ဟားစီးတီးအသင်းနဲ့ပွဲမှာ အံ့အားသင့်ဖွယ် ဟက်ထရစ်သွင်းယူခဲ့တဲ့ ပတ်ဒရိုနက်တိုကို ကမ္ဘာ့အဆင့်ကစားသမားတစ်ယောက်အဖြစ် ချီးကျူးလိုက်ပါတယ်။
ဒါ့အပြင် ရိုစီနီယာက ဒီနှစ်ရာသီ ချဲလ်ဆီးအသင်းရဲ့ ရည်မှန်းချက်တွေမှာ ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ် နက်တိုဟာ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်လာပြီး အကောင်းဆုံး ခြေစွမ်းပြသခဲ့တာဖြစ်ပါတယ်။
နက်တိုဟာ ပထမပိုင်းမပြီးခင်မှာပဲ အဝေးကန်ချက်နဲ့ လှလှပပ ဦးဆောင်ဂိုးသွင်းယူခဲ့သလို ဒုတိယပိုင်း အစောပိုင်းမှာလည်း ထောင့်ကန်ဘောကနေ တိုက်ရိုက်ဂိုးသွင်းယူခဲ့ပါတယ်။
အက်စ်တီဗာအိုရဲ့ ဂိုးအပြီးမှာတော့ နက်တိုဟာ လီယမ်ဒီလပ်နဲ့ ဝမ်းတူး ရိုက်ကာ စတုတ္ထမြောက်ဂိုးကို သွင်းယူပြီး ဟက်ထရစ်ရယူခဲ့ပါတယ်။
နက်တိုဟာ ဒီနှစ်ရာသီ ၁၀ ဂိုးသွင်း၊ ၄ ဂိုး ဖန်တီးပေးထားနိုင်ပြီဖြစ်ပြီး ရိုစီနီယာက နက်တိုရဲ့ ပါရမီကိုတင်မကဘဲ အသင်းအတွက် ခံစစ်အထိ ဆင်းကူတတ်တဲ့ ကြိုးစားအားထုတ်မှုကိုလည်း ချီးကျူးခဲ့ပါတယ်။
ရိုစီနီယာက"ကျွန်တော်တို့ လိုအပ်နေတဲ့ အရည်အသွေးမျိုးစုံကို ပတ်ဒရို နက်တိုက ဖြည့်ဆည်းပေးနိုင်ပါတယ်။
ကျွန်တော့်အတွက်တော့ သူဟာ ကမ္ဘာ့အဆင့်မီ ကစားသမားတစ်ယောက်၊ ကမ္ဘာ့အဆင့်မီ တောင်ပံကစားသမားတစ်ယောက်ပါ။ သူ့ရဲ့ ပါရမီရှိမှုတွေအပြင် အသင်းအတွက် အနစ်နာခံပြီး ကစားပေးတဲ့ စိတ်ဓာတ်ကိုလည်း ကျွန်တော် တကယ်သဘောကျပါတယ်။ ရာသီရဲ့ ကျန်ရှိနေတဲ့ ပွဲစဉ်တွေမှာ ကျွန်တော်တို့ ဖြစ်ချင်တဲ့ ပန်းတိုင်တွေဆီ ရောက်ဖို့အတွက် သူဟာ အလွန်အရေးကြီးတဲ့သူ ဖြစ်လာပါလိမ့်မယ်" လို့ ပြောကြားသွားခဲ့ပါတယ်။