PSR စည်းမျဉ်းကြောင့် နွေရာသီစျေးကွက်အတွက် အကြီးအကျယ်အခက်တွေ့နေတဲ့ အာဆင်နယ်အသင်းတာဝန်ရှိသူများ
အာဆင်နယ်အသင်းက အခုနွေရာသီမှာ ကစားသမားသစ်တွေ ထပ်မံအားဖြည့်ချင်တယ်ဆိုရင် လက်ရှိစာရင်းရှိကစားသမားတွေကို အုံလိုက်ကျင်းလိုက်ပြန်လည်ရောင်းထုတ်ရမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
ChronicleLive ရဲ့ ဖော်ပြချက်အရ ဂန်းနားတို့က နွေရာသီအပြောင်းအရွှေ့ဈေးကွက်မတိုင်ခင် ပရီးမီးယားလိဂ်ရဲ့PSR စည်းမျဉ်းတွေကြောင့် ခက်ခဲတဲ့ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
တကယ်လို့သာ ကစားသမားတွေကို အသေအချာပြန်မရောင်းနိုင်ဘူးဆိုရင် အာဆင်နယ်အတွက် အပြောင်းအရွှေ့စျေးကွက်မှာအသုံးပြုနိုင်မယ့်ငွေကြေးပမာဏ ပေါင် ၄၀ သန်းဝန်းကျင်သာ ရှိလိမ့်မယ်လို့ ဆိုပါတယ်။
အခုလို ဘဏ္ဍာရေးအခြေအနေတွေကြောင့် နယူးကာဆယ်ကွင်းလယ်လူတိုနာလီကိုခေါ်ယူမယ့် ဂန်းနားတွေရဲ့အစီအစဉ် မဖြစ်မြောက်လာတော့ဘူးလို့လည်း သိရပါတယ်။
အာဆင်နယ်က ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း တိုနာလီကိုခေါ်ယူဖို့ စုံစမ်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ အသင်းရဲ့ဘဏ္ဍာရေးအခြေအနေကို ပြန်လည်တွက်ချက်ပြီးနောက် တိုနာလီရဲ့ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ကျော်အထိ ရှိနိုင်လို့ ဒီအီတလီလက်ရွေးစင်ကစားသမားကို ပစ်မှတ်စာရင်းမှ ဖယ်ထုတ်လိုက်ပါပြီ။