
အာဆင်နယ်အသင်းကချိတ်ဆက်နေချိန်မှာပဲ ရီးရဲလ်စတားအနာဂတ်အကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ အလွန်ဆို
ရီးရဲလ်နည်းပြ အလွန်ဆိုက အာဆင်နယ်အသင်းက ချိတ်ဆက်နေတဲ့ တောင်ပံကစားသမား ရိုဒရီဂိုအနာဂတ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဘရာဇီးသားဟာ လက်ရှိကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အမေရိကန်မြေမှာ ရီးရဲလ်အသင်းနဲ့အတူ ရှိနေတာဖြစ်ပြီး အခုနွေရာသီမှာ အသင်းပြောင်းဖို့ အလားအလာများနေတာဖြစ်ပါတယ်။
ရီးရဲလ်စတားကို အာဆင်နယ်အပြင် ပီအက်စ်ဂျီအသင်းက ချိတ်ဆက်နေပါတယ်။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ပွဲအဖြစ် ဒေါ့မွန်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။အလွန်ဆိုကတော့ တိုက်စစ်ပိုင်းအတွက် အကောင်းဆုံးအခြေအနေကို ရွေးချယ်ထားပြီး ရိုဒရီဂိုကို လက်လွှတ်ဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ အေအက်စ်သတင်းဌာနရဲ့အဆိုအရ ရိုဒရီဂိုဟာ ပွဲထွက်ခွင့်အချိန်ပိုရဖို့ အသင်းပြောင်းချင်နေပြီး အာဆင်နယ်က ချိတ်ဆက်နေတယ်လို့ ဆိုပါတယ်။ ရီးရဲလ်ဘက်က ပေါင် ၇၇ သန်းလောက်ရရင် လက်လွှတ်ဖွယ်ရှိနေတယ်လို့ သိရပြီး ကလပ်ကမ္ဘာ့ဖလားအပြီးမှာ အနာဂတ်အတွက် ဆွေးနွေးဖွယ်ရှိနေပါတယ်။
“ရိုဒရီဂိုအနေနဲ့ သူ့ရဲ့အကောင်းဆုံးပုံစံပြန်ရနိုင်မယ်ဆိုတာ ကျွန်တော်တပ်အပ်ပြောရဲပါတယ်။ ကျွန်တော် သူနဲ့စကားပြောဖြစ်သလို သူက အပေါင်းလက္ခဏာဆောင်ပြီး စိတ်အားထက်သန်နေသလို လိုအပ်ချိန်မှာလည်း အဆင်သင့်ပါပဲ”လို့ အလွန်ဆိုက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။