စိတ်ပျက်ဖွယ်ဒဏ်ရာအခြေအနေအကြောင်း ဖွင့်ဟပြောပြလာတဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ရိုဒရီဂို
ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် လပေါင်းများစွာ အနားယူရတော့မယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီးနောက် ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမားရိုဒရီဂိုက ပရိသတ်တွေဆီ ပထမဆုံးအကြိမ် သတင်းစကားပါးလာပါတယ်။
အသက် ၂၅ နှစ်အရွယ်ကစားသမားက ဒဏ်ရာအခြေအနေပြင်းထန်မှုကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့ရာသီလက်ကျန်ပွဲစဉ်တွေ လွဲချော်သွားဖို့ရှိသလို ဘရာဇီးနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် အိပ်မက်ကိုလည်း လက်လွှတ်လိုက်ရပါတယ်။
လတ်တလောမှာ ရိုဒရီဂိုက ဒီဖြစ်ရပ်ကို သူ့ဘဝရဲ့ "အဆိုးရွားဆုံးနေ့ရက်တွေအနက် တစ်ခု" လို့ လူမှုကွန်ရက်မှတစ်ဆင့် ပရိသတ်တွေကို စကားပါးလာခဲ့ပါတယ်။
"နားလည်မပေးနိုင်ခဲ့ရင်တောင် ကျွန်တော် ခင်ဗျားတို့ကို ယုံကြည်ပါတယ်..." လို့ သူက ဆိုပါတယ်။
"ဒါဟာ ကျွန်တော့်ဘဝရဲ့ အဆိုးရွားဆုံးနေ့တွေအနက် တစ်ခုဖြစ်ပါတယ်။၊ ဒီလိုဒဏ်ရာမျိုးရရှိမယ့်အရေးကို အမြဲတမ်း ကြောက်ခဲ့ရပါတယ်။ လတ်တလောအခိုက်အတန့်တွေက ကျွန်တော့်အပေါ် နည်းနည်းရက်စက်နေသလိုပါပဲ... ကျွန်တော် ဒါနဲ့ထိုက်တန်သလားဆိုတာမသိပေမဲ့ ဘာလို့ညည်းတွားနေရမှာလဲ? ကျွန်တော်နဲ့ မထိုက်တန်ဘဲ ရရှိခဲ့တဲ့အံ့ဩစရာကောင်းတဲ့အရာတွေလည်း အများကြီးကြုံတွေ့ခဲ့ရဖူးတာပဲလေ။
ကျွန်တော့်ဘဝနဲ့ကစားသမားဘဝအတွက် ကြီးမားတဲ့အခက်အခဲတစ်ခု ပေါ်ပေါက်လာခဲ့ပြီး ကျွန်တော် အချစ်ဆုံးအရာကိုလုပ်ဆောင်ခွင့်မရအောင် ခေတ္တတားဆီးလိုက်ပါပြီ။
ကျွန်တော့်ရဲ့ကလပ်အသင်းနဲ့အတူ ရာသီကုန်အထိ အနားယူရဖို့ရှိသလို၊ ကျွန်တော့်အတွက် ဘယ်လောက်အဓိပ္ပာယ်ရှိလဲဆိုတာ လူတိုင်းသိတဲ့ နိုင်ငံအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့်အိပ်မက်ကိုလည်း လက်လွှတ်လိုက်ရပါပြီ။ အခု ကျွန်တော်လုပ်နိုင်တာကတော့ အမြဲတမ်းလိုပဲ ကြံ့ကြံ့ခံသွားဖို့ပါပဲ၊ ဒါက ကျွန်တော့်အတွက်တော့ ထူးဆန်းတဲ့အရာ မဟုတ်ပါဘူး။
ဆုတောင်းပေးကြတဲ့သူတွေ၊ စာပို့ပေးကြတဲ့သူတွေနဲ့ ချစ်ခင်ပေးကြတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့က ကျွန်တော့်အတွက် အရမ်းအရေးကြီးပါတယ်။ အခုက အရမ်းခက်ခဲတဲ့အချိန် ဖြစ်နေပေမဲ့ ဒီနေရာမှာတင် ရပ်တန့်သွားမှာ မဟုတ်ဘူးဆိုတာ ကျွန်တော် ကတိပေးပါတယ်။
ကျွန်တော့်ကို ယုံကြည်ပေးကြတဲ့သူတွေအတွက် ပျော်ရွှင်မှုတွေယူဆောင်ပေးဖို့နဲ့ အံ့ဩစရာကောင်းတဲ့ အတွေ့အကြုံတွေရရှိဖို့ ကျန်ရှိနေသေးတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါဟာ ခေတ္တလမ်းခွဲရုံတင်ပါ... ဘုရားသခင်က အရာရာကို ထိန်းချုပ်ထားဆဲပါပဲ" လို့ သူက ရေးသားခဲ့ပါတယ်။