The network connection is lost.

Banner Image

ဝါရှင်တန်ဒီစီ၊ ကမ္ဘာ့ဖလားအုပ်စုမဲခွဲပွဲမှာ ငြိမ်းချမ်းရေးဆု ထည့်သွင်းချီးမြှင့်ဖို့ စီစဉ်နေတဲ့ ဖီဖာ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ဒီဇင်ဘာ ၅ ရက်၊ ဝါရှင်တန်ဒီစီမှာပြုလုပ်မယ့် ကမ္ဘာ့ဖလားအုပ်စုမဲခွဲပွဲအတွင်း ငြိမ်းချမ်းရေးဆုတစ်ခုကို ချီးမြှင့်သွားဖို့ စီစဉ်ထားတယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ FIFA Peace Prize လို့ခေါ်တွင်မယ့် ဒီဆုကို ငြိမ်းချမ်းရေးအတွက် ကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေအပေါ် အသိအမှတ်ပြုဖို့ ချီးမြှင့်ပေးမယ်လို့ ဘောလုံးအာဏာပိုင်အဖွဲ့အစည်းက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဒီဆုကို ပထမဆုံးရရှိသူ ဖြစ်လာမလားဆိုတဲ့မေးခွန်းကို ဒေါ်နယ်ထရမ့်နဲ့ ခင်မင်ရင်းနှီးတဲ့ဆက်ဆံရေးရှိသူ ဖီဖာဥက္ကဋ္ဌအင်ဖန်တီနိုက တုံ့ပြန်ဖြေကြားခြင်း မရှိခဲ့ပါဘူး။

အင်ဖန်တီနိုက “ ဒီဇင်ဘာ ၅ ရက်မှာ သိရပါလိမ့်မယ်”လို့ ပြောပါတယ်။ မီယာမီမှာကျင်းပတဲ့ အမေရိကားစီးပွားရေးဖိုရမ်မှာ သမ္မတဒေါ်နယ်ထရမ့်မိန့်ခွန်းပြောကြားပြီး မကြာခင်မှာပဲ အင်ဖန်တီနိုလည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့အစောပိုင်းတုန်းကလည်း အင်ဖန်တီနိုက “ ပိုပြီးမငြိမ်မသက်ဖြစ်နေသလို ကွဲပြားခြားနားမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေးစိတ်ဓါတ်အောက် လူတွေကို အတူကကွခေါ်ဆောင်လာဖို့နဲ့ ပဋိပက္ခတွေ အဆုံးသတ်ဖို့ ကြိုးစားနေသူတွေရဲ့ထူးချွန်ပြောင်မြောက်မှုကို အသိအမှတ်ပြုပေးဖို့ဆိုတာ အလွန်အရေးကြီးပါတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် ဒီဆုကို ကမ္ဘာတစ်ဝှမ်းရှိ ဘောလုံးပရိသတ်တွေကိုယ်စား နှစ်စဉ်ချီးမြှင့်ပေးသွားမယ်လို့ ဖီဖာမှ ကြေညာခဲ့ပါတယ်။

ဆက်လက်ပြီး အင်ဖန်တီနိုက “ ငြိမ်းချမ်းရေးအတွက် အမှန်တကယ်လုပ်ဆောင်ခဲ့သူ (သို့မဟုတ်) အများကြီးလုပ်ဆောင်ခဲ့သူတစ်ဦးကို ဆုချီးမြှင့်ဖို့အတွက် ကမ္ဘာ့ဖလားအုပ်စုမွဲခွဲပွဲဆိုတာ အသင့်တော်ဆုံးနေရာတစ်ခု ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဘောလုံးရဲ့အထောက်အပံ့ပြုမှုအနည်းငယ်ကို လိုအပ်ပေမဲ့ ပန်းတိုင်ဆီ မှန်မှန်ကန်ကန်တွန်းပို့ပြီး ခေါ်ဆောင်သွားပေမယ့် ခေါင်းဆောင်တွေလည်း လိုအပ်နေလို့ပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

အင်ဖန်တီနိုနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ရီပတ်ဘလီကန်တွေ၊ ကမ္ဘာ့ခေါင်းဆောင်တွေအပြင် သူ့ကိုယ်သူပါ လော်ဘီလုပ်ခဲ့ပေမဲ့ ပြီးခဲ့တဲ့လမှာချီးမြှင့်ခဲ့တဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုနဲ့ လွဲချော်ခဲ့ပါတယ်။ အင်ဖန်တီနိုရဲ့ဗုဒ္ဓဟူးနေ့မှတ်ချက်စကားတွေထဲမှာ သူအပါအဝင် ဖီဖာအဖွဲ့ဝင်နဲ့ သမ္မတဒေါ်နယ်ထရမ့်တို့အကြား ဆက်ဆံရေးကောင်းမွန်မှုကို မလျှို့ဝှက်ထားခဲ့ပါဘူး။

အင်ဖန်တီနိုက “ သမ္မတဒေါ်နယ်ထရမ့်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးမျိုးရှိနေတာ ကျွန်တော့်အတွက် အလွန်ကံကောင်းလွန်းပါတယ်။ ကျွန်တော်က သမ္မတဒေါ်နယ်ထရမ့်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးမျိုး ရှိထားပါတယ်။ မိတ်ဆွေရင်းချာတစ်ဦးလို ယူဆလို့ရတဲ့ သမ္မတဒေါ်နယ်ထရမ့်က ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကျွန်တော်တို့ လုပ်ဆောင်နေတဲ့အရာတွေအားလုံးကို အကူအညီအများကြီးပေးခဲ့ပါတယ်”လို့ ပြောပါတယ်။

လတ်တလောမှာလည်း ဖီဖာက သမ္မတဒေါ်နယ်ထရမ့်ရဲ့သမီး အိုင်ဗန်ကာထရမ့်ကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲလက်မှတ်ရောင်းချရငွေဖြင့် တည်ထောင်မယ့် ဒေါ်လာသန်း ၁၀၀ တန် ပညာရေးစီမံကိန်းအဖွဲ့မှာ ဘုတ်အဖွဲ့ဝင်အဖြစ် ခန့်အပ်ထားပါတယ်။