ကာရာဘောင်းဗိုလ်လုပွဲက စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုတွေကြောင့် အာဆင်နယ်အသင်း ထိခိုက်နိုင်တယ်လို့ လေမန်း စိုးရိမ်
အာဆင်နယ်ဂန္ထဝင် ဂျန်းစ်လေမန်းက EFL Cup ဗိုလ်လုပွဲ ရလဒ်ဟာ အသင်းရဲ့ ဖလားရယူနိုင်မယ့် အခွင့်အရေးတွေကို ထိခိုက်စေနိုင်တယ်လို့ သုံးသပ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ Carabao Cup ဗိုလ်လုပွဲမှာ အာတီတာရဲ့ အာဆင်နယ်အသင်းဟာ ခြေစွမ်းမပြနိုင်ခဲ့ဘဲ မန်စီးတီးကို ၂ ဂိုး - ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ အခုလို ရှုံးနိမ့်ခဲ့ပေမဲ့လည်း အာဆင်နယ်ဟာ အဆင့် (၂) က မန်စီးတီးထက် ၉ မှတ် အသာရထားဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မန်စီးတီးက တစ်ပွဲလျော့ကစားထားပြီး နည်းပြ ဂွါဒီယိုလာကလည်း အမီလိုက်ဖို့ အစွမ်းကုန် ကြိုးစားနေတာပါ။ ဖလားလေးလုံး ရယူနိုင်မယ့် မျှော်လင့်ချက်တွေ ပျက်ပြားသွားတာဟာ မြောက်လန်ဒန်ကလပ် အာဆင်နယ်အတွက်တော့ တကယ်ကို ခံရခက်တဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။
ပွဲအပြီးမှာ လေမန်းက အခုလို ရှုံးနိမ့်မှုဟာ ရာသီပိတ်ဖို့ ၇ ပွဲအလိုမှာ အာဆင်နယ်ကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်စေနိုင်တယ်လို့ ပြောခဲ့ပါတယ်။ "သူတို့ ဖလားမရခဲ့တာကို ကျွန်တော် မကျေမနပ်မဖြစ်ပါဘူး၊ ဘာလို့လဲဆိုတော့ ဖလားလေးလုံးစလုံးကို တစ်ပြိုင်နက် သိမ်းပိုက်ဖို့ဆိုတာ မလွယ်လို့ပါ။ ဒါက သူတို့ကို ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ ချန်ပီယံလိဂ်တွေမှာ ပိုပြီး အာရုံစိုက်လာနိုင်စေပါလိမ့်မယ်။ ကျွန်တော်က လူစားလဲခုံတန်းရဲ့ နောက်တည့်တည့်မှာ ထိုင်နေခဲ့တာဖြစ်ပြီး သူတို့ရဲ့ ဒေါသနဲ့ စိတ်ပျက်မှုတွေကို မြင်ခဲ့ရပါတယ်။ ဒါဟာ ပုံမှန်အားဖြင့်တော့ သင့်နောက်ကို နေရာတိုင်းမှာ လိုက်နေမယ့် စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုတွေကို ဖြစ်စေနိုင်ပါတယ်" လို့ လေမန်းက ဆိုပါတယ်။
အာဆင်နယ်အနေနဲ့ ၂၂ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို သင်္ချာနည်းအရ အသေအချာ ရယူနိုင်ဖို့အတွက် နောက်ထပ် ၁၆ မှတ် (နိုင်ပွဲ ၅ ပွဲနဲ့ သရေ ၁ ပွဲ) လိုအပ်နေတာပါ။ နှစ်သင်းစလုံးဟာ လာမယ့် ဧပြီလ ၁၉ ရက် (တနင်္ဂနွေနေ့) မှာ ထပ်မံရင်ဆိုင်ရမှာဖြစ်ပြီး အကောင်းဆုံးပုံစံပြသနေတဲ့ အာဆင်နယ်အသင်းအနေနဲ့ ဖလားလမ်းကြောင်းပေါ်မှာ အမှားအယွင်းမရှိစေဖို့ မျှော်လင့်ရမယ့် ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာ ဖြစ်ပါတယ်။