သပိတ်တိုက်ပွဲကို ရပ်ဆိုင်းပြီး ဂါဘွန်နဲ့ပွဲစဉ်ကို အာရုံစိုက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ နိုင်ဂျီးရီးယားလက်ရွေးစင်အသင်း
ဆုကြေးငွေမရရှိခြင်းကြောင့် လေ့ကျင့်ရေးကွင်းကို မသွားဘဲ တစ်ရက်ကြာသပိတ်တိုက်ပွဲဆင်နွှဲခဲ့တဲ့ နိုင်ဂျီးရီးယားလက်ရွေးစင်အသင်းက ဂါဘွန်နဲ့ရင်ဆိုင်ရမယ့် ဒီနေ့၊ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာဖရိကဇုန်) Play-off ပွဲစဉ်အတွက် လေ့ကျင့်ပြင်ဆင်မှုတွေ ပြန်လည်စတင်ခဲ့ပါတယ်။
မော်ရိုကိုနိုင်ငံ၊ ရာဘတ်မြို့ဆီ ရောက်ရှိနေတဲ့ စူပါအီးဂဲလ်တွေက ကစားသမားအချို့အတွက် ၂၀၁၉ ခုနှစ်မှစတင်ကာ ဆုကြေးငွေများပေးချေရန်ကျန်ရှိနေမှုနဲ့အတူ အသင်းအတွက် ပုံမှန်ထောက်ပံ့ကြေးနဲ့ လုပ်အားခမပေးချေမှုအပေါ် သပိတ်မှောက်ဆန္ဒထုတ်ဖော်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ အသင်းနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေရဲ့အဆိုအရ ကစားသမားတွေဟာ သူတို့ရဲ့အကျိုးစီးပွားအပေါ် လစ်လျူရှုနေတဲ့ နိုင်ဂျီးရီးယားဘောလုံးအဖွဲ့ချုပ်(NFF)အပေါ် စိတ်ပျက်နေမှုကို ဖော်ပြခဲ့ကြတယ်လို့ သိရပါတယ်။
လတ်တလောမှာ အမျိုးသားအားကစားကော်မရှင်(NSC) အပါအဝင် NFF ရဲ့အကြီးတန်းတာဝန်ရှိသူတွေနဲ့ တံခါးပိတ်ဆွေးနွေးပွဲအပြီး ကစားသမားတွေက နိုင်ငံ့ရဲ့အကျိုးစီးပွားအတွက် သူတို့ရဲ့သပိတ်တိုက်ပွဲကို ရပ်ဆိုင်းပေးလိုက်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ သဘောတူညီချက်ရဲ့အသေးစိတ်အချက်အလက်တွေကို မသိရှိရသေးဘဲ နိုဝင်ဘာ ၁၃ ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ ပြုလုပ်မယ့် Play-off ပွဲစဉ်တွေ မပြီးဆုံးမီ (သို့) ပြီးပြီးချင်းမှာ ဆုကြေးငွေတွေပေးချေသွားဖို့ အာမခံချက်ရရှိထားတယ်လို့ အတွင်းပိုင်းသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
ဒီသပိတ်တိုက်ပွဲကာလအတွင်း နိုင်ဂျီးရီးယားလက်ရွေးစင်အသင်းက ရာဘတ်မြို့မှာကျင်းပဖို့စီစဉ်ထားတဲ့ ပွဲစဉ်အတွက် ကြံ့ခိုင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် အပေါ့စားလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဂါဘွန်နဲ့ပွဲစဉ်က ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ခဲ့တဲ့ စူပါအီးဂဲလ်တွေအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်မျှော်လင့်ချက်ကို ပြန်လည်အသက်သွင်းနိုင်ရေး အရေးကြီးအခွင့်အလမ်းတစ်ရပ်လည်း ဖြစ်နေပါတယ်။ ဒီပွဲစဉ်မှာ အနိုင်ရရှိတဲ့အသင်းက လာမယ့်နှစ်၊ မက္ကဆီကိုမှာကျင်းပမယ့် inter-confederation play-off အတွက် အာဖရိကဇုန်ကို ကိုယ်စားပြု နိုင်ဖို့ နောက်ဆုံးအဆင့်အဖြစ် ကင်မရွန်း(သို့မဟုတ်) DR ကွန်ဂိုနဲ့ ဆက်လက်ရင်ဆိုင်သွားရပါမယ်။
အခုလိုကွင်းပြင်ပမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် နိုင်ဂျီးရီးယားလက်ရွေးစင်အတွင်းမှာတော့ စည်းလုံးညီညွှတ်မှုနဲ့ စိတ်အားထက်သန်မှု အပြည့်ရှိနေတယ်လို့ သိရပါတယ်။ ကစားသမားတွေနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက “ အခုတော့ လာမယ့်ပွဲစဉ်ဆီ အာရုံစူးစိုက်မှုအပြည့် ရှိနေပါတယ်။ ကျွန်တော်တို့က နိုင်ဂျီးရီးယားအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့ အစွမ်းကုန်တိုက်ပွဲဝင်သွားပါမယ်”လို့ ပြောပါတယ်။