The network connection is lost.

Banner Image

အသင်းရဲ့စာချုပ်သစ်ကို လက်ခံလိုက်ပြီဖြစ်တဲ့ အာဆင်နယ်စတား

အာဆင်နယ်နောက်ခံလူ ဆာလီဘာတစ်ယောက် အသင်းရဲ့စာချုပ်သစ်ကို လက်ခံလိုက်ပြီလို့ သိရပါတယ်။ ပြင်သစ်သား နဲ့ အာဆင်နယ်တို့ကြား စာချုပ်သက်တမ်းက ၂၀၂၇ မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ စာချုပ်သစ်အတွက် ဆွေးနွေးမှုအချိန်တစ်ခုကြာမြင့်ခဲ့ပြီး အာဆင်နယ်မှာ ဆက်ရှိနေမလားဆိုတဲ့ မသေချာမှုတွေလည်း ထွက်ပေါ်ခဲ့သေးတာဖြစ်ပါတယ်။

ဒါပေမယ့် အခုချိန်မှာတော့ အာဆင်နယ်စတားက အသင်းနဲ့ စာချုပ်သစ်ရေးထိုးတော့မှာဖြစ်ပါတယ်။ အက်သလက်တစ်သတင်းဌာနရဲ့အဆိုအရ အာဆင်နယ် နဲ့ ဆာလီဘာတို့ကြား ၅ နှစ်ထက်ပိုတဲ့စာချုပ်သစ်သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး လာမယ့်ရက်အနည်းငယ်အတွင်းမှာ လက်မှတ်ရေးထိုးမှာဖြစ်ပါတယ်။ အသက် ၂၃ နှစ်သားကို ရီးရဲလ်အသင်းက ချိတ်ဆက်နေပြီး စာချုပ်အခြေအနေကို စောင့်ကြည့်နေပါတယ်။ အခုချိန်မှာတော့ ကစားသမားက သူ့အနာဂတ်ကို အတည်ပြု လိုက်ပြီဖြစ်တာကြောင့် အာတီတာ နဲ့ အာဆင်နယ်ပရိသတ်တွေအတွက် စိတ်အေးစရာဖြစ်လာခဲ့ပါတယ်။

ဆာလီဘာနဲ့ပတ်သက်ပြီး ယခင်တုန်းကမေးမြန်းမှုမှာ အာတီတာက “ကျွန်တော်ဘာသေချာတာကိုပြောရမှာလဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်သူနဲ့စကားပြောဆိုမှုတွေရှိပါတယ်။ သူဒီမှာအရမ်းပျော်နေပါတယ်။ သူကျွန်တော်တို့နဲ့ ဆက်နေချင်ပါတယ်။ အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ မသိနိုင်ပါဘူး။ ကျွန်တော် ဝီလီယံဒီမှာအရမ်းပျော်နေတယ်ဆိုတာတော့ အပြည့်အဝယုံကြည်ပါတယ်။ သူဒီမှာဆက်နေချင်ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

ဆာလီဘာဟာ စိန့်တ်အက်တီယန်ကနေပြောင်းပြီးနောက် အာဆင်နယ်အသင်းမှာနေရာရဖို့ စောင့်ဆိုင်းခဲ့ရတာဖြစ်ပါတယ်။  အဲ့မတိုင်ခင် နိုက်စ် ၊ မာဆေးလ်စတဲ့အသင်းတွေထံမှာ အငှားထွက်ကစားခဲ့ရကာ အဆုံးမှာမှ အာဆင်နယ်ရဲ့အဓိကကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။ သူ့အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းရာမှာလည်း ဆာလီဘာက အသင်းအတွက်သာ အပြည့်အဝအာရုံစိုက်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ဒီမှာပျော်နေပါတယ်။ ဒီမှာဆက်နေချင်ပါတယ်။ ဒီအသင်းနဲ့အတူ အောင်မြင်မှုအကြီးကြီးတွေယူချင်ပါတယ်။ ဆုဖလားတွေမယူပဲ ခင်ဗျားဒီအသင်းကနေထွက်ခွာမယ်ဆိုရင် ပရိသတ်တွေက ခင်ဗျားကိုမေ့သွားမှာပါ။ ကျွန်တော် ဒီမှာအောင်မြင်မှုအကြီးကြီးတွေယူချင်ပါတယ်။ ကျွန်တော်ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတစ်ဦးဖြစ်ချင်ပါတယ်။ အလုပ်အများကြီးလုပ်ပြီး ဆုဖလားတွေယူရဦးမယ်ဆိုတာလည်းသိပါတယ်။

ဒါပေမယ့် အဲ့တာက ကျွန်တော့်အိပ်မက်ပါ။ သိပ်မဝေးတော့ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော် အခုလက်ရှိမှာအကောင်းဆုံးအခြေအနေမဟုတ်သေးပါဘူး။ ကျွန်တော် တိုးတက်ဖို့ အာရုံစိုက်နေသလို အသင်းအတွက် ဂိုးတွေသွင်းပြီး ဆုဖလားတွေရယူပေးချင်ပါတယ်။ ကျွန်တော် တွန်းအားပေးနေသလို အသင်းကိုပိုကူညီနိုင်အောင်လည်း လုပ်ဆောင်နေပါတယ်”လို့ ဆာလီဘာက ဖြေကြားခဲ့ပါတယ်။

ဆာလီဘာဟာ အာဆင်နယ်အတွက် ၁၃၉ ပွဲအထိ ပါဝင်ကစားပေးထားပြီး နိုင်ငံအသင်းအတွက်တော့ ၂၈ ပွဲပါဝင်ကစားပေးထားပါတယ်။ အာဆင်နယ်ဟာ ဆုဖလားအောင်မြင်မှုတွေနဲ့နီးစပ်ခဲ့ပေမယ့် ၃ နှစ်ဆက်ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။  ဆာလီဘာဟာ အာဆင်နယ်အသင်းခံစစ်မှာ ဂါဘရီရယ်နဲ့အတူ တွဲဖက်ပြီး ဆုဖလားအောင်မြင်မှုတွေရယူရေးမှာ အဓိကနေရာကနေ ပါဝင်ရမှာဖြစ်ပါတယ်။  အာဆင်နယ်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ နယူးကာဆယ်အသင်းနဲ့ကစားရမှာဖြစ်ပါတယ်။