The network connection is lost.

Banner Image

ဖီဖာအမျိုးသားအကောင်းဆုံးဂိုးသမားဆုကိုဆွတ်ခူးနိုင်ခဲ့လို့ ဂုဏ်ယူမိကြောင်းဖွင့်ဟလာတဲ့ ဒွန်နာရမ်မာ

မန်ချက်စတာစီးတီးနဲ့ အီတလီလက်ရွေးစင်ဂိုးသမား ဒွန်နာရမ်မာဟာ ၂၀၂၅ ခုနှစ်အတွက် ဖီဖာဘောလုံးအဖွဲ့ချုပ်ကပေးအပ်ချီးမြှင့်တဲ့ တစ်နှစ်တာအကောင်းဆုံးအမျိုးသား ဂိုးသမားဆုကိုဆွတ်ခူးရရှိပြီးနောက် ဆုအတွက်ဂုဏ်ယူဝမ်းမြောက်မိကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

အသက်-၂၆ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီနဲ့အတူ ဆုဖလား ၄ လုံးအထိဆွတ်ခူးနိုင်ခဲ့သလို၊ ချန်ပီယံလိဂ်ဖလားကိုလည်း ကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာတော့ အီတလီသားဟာ ပီအက်စ်ဂျီမှထွက်ခွာပြီး ပက်ဂွါဒီယိုလာဦးဆောင်နေတဲ့ မန်စီးတီးသို့ စတင်ပြောင်းရွှေ့လာခဲ့ပါတယ်။ မကြာသေးမီကကျင်းပခဲ့တဲ့ ဘောလွန်းဒီအော်ဆုပေးပွဲမှာလည်း ဒွန်နာရမ်မာဟာ ယာရှင်ဆုကိုဆွတ်ခူးထားနိုင်ခဲ့ပြီး ယခုအခါထပ်မံဆွတ်ခူးနိုင်ခဲ့တဲ့ ဖီဖာအမျိုးသားဂိုးသမားဆုအတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။

ဒွန်နာရမ်မာက "ဒီလိုဂုဏ်သိက္ခာကြီးမားတဲ့ဆုကိုဆွတ်ခူးနိုင်ခဲ့တာက အရမ်းဂုဏ်ယူဖို့ကောင်းပါတယ်။ ကျွန်တော့်ကို ဒီဆုအတွက်ရွေးချယ်မဲပေးခဲ့ကြသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် လေးစားအားကျရတဲ့ အခြားထူးချွန်တဲ့ဂိုးသမားတွေကို ကျော်ဖြတ်ပြီး ဒီဆုကိုဆွတ်ခူးနိုင်ခဲ့တာ တကယ့်ကိုဂုဏ်ယူစရာပါ"

"ဒီနှစ်က ကျွန်တော့်ရဲ့မှတ်ဉာဏ်ထဲမှာ နှစ်ရှည်လများ စွဲထင်ကျန်ရစ်ခဲ့မယ့် မယုံနိုင်လောက်စရာနှစ်တစ်နှစ်ဖြစ်ပြီး ဒီကာလအတွင်းရရှိခဲ့တဲ့အောင်မြင်မှုတွေအတွက် အသိအမှတ်ပြုခံရလို့ အရမ်းဝမ်းသာပါတယ်။ အခုရာသီမှာလည်း ကျွန်တော့်ရဲ့အသင်းသစ် မန်ချက်စတာစီးတီးနဲ့အတူ အောင်မြင်မှုတွေ ဆက်လက်သိမ်းပိုက်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ဒွန်နာရမ်မာဟာ အလီဆန်ဘက်ကာ၊ ကော်တိုရစ်၊ အီမီလီယာနိုမာတီနက်ဇ်၊ မန်နူရယ်နူအာ၊ ဒေးဗစ်ရာယာ၊ ယန်းဆွန်မာနဲ့ ဆက်ဇနီတို့လိုဂိုးသမားတွေကို ကျော်ဖြတ်ပြီး ကမ္ဘာ့အကောင်းဆုံးဂိုးသမားဆုကို ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ လာမယ့်ကြာသ‌ပတေးနေ့မှာတော့ မန်စီးတီးဟာ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဘရန့်ဖို့ဒ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နည်းပြဂွါဒီယိုလာကတော့ အဆိုပါပွဲစဉ်မှာ ဒွန်နာရမ်မာကို အနားပေးသွားမယ်လို့ အတည်ပြုထားပါတယ်။