The network connection is lost.

Banner Image

ကလပ်ရဲ့ဘဏ္ဍာရေးအခြေအနေကြောင့် ဂျက်ဆန်ကိုခေါ်ယူဖို့ အခက်ကြုံနေတဲ့ အက်စတွန်ဗီလာ

အက်စတွန်ဗီလာဟာ ချဲလ်ဆီးတိုက်စစ်မှူး နီကိုးလက်စ်ဂျက်ဆန်ကို ယခုနွေရာသီအတွင်း ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေပေမယ့် ကလပ်ရဲ့ဘဏ္ဍာရေးအခြေအနေကြောင့် ခေါ်ယူနိုင်ဖို့ အခက်ကြုံနေရတယ်လို့သိရပါတယ်။ အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီအနေနဲ့ အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ဆန္ဒရှိနေဆဲဖြစ်ပြီး စပိန်သားနည်းပြဟာ ယခင်က ဗီလာရီးရဲလ်မှာ ဂျက်ဆက်နဲ့လက်တွဲခဲ့ဖူးတာလည်းဖြစ်ပါတယ်။ ဒါကြောင့် အမ်မရီဟာ ယခုအခါမှာ ဂျက်ဆန်နဲ့ ပြန်လည်လက်တွဲအလုပ်လုပ်ဖို့ စိတ်အားထက်သန်နေပေမယ့် ကစားသမားကို နယူးကာဆယ်အပါအဝင် အီတလီကလပ်တွေကလည်း စိတ်ဝင်စားနေကြတယ်လို့ The Telegraph သတင်းဌာနာက ဖော်ပြထားပါတယ်။ 

ဂျက်ဆန်ဟာ ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးရဲ့ဒုတိယမြောက်သွင်းဂိုးအများဆုံးကစားသမားဖြစ်ခဲ့ပေမယ့် ယခုနွေရာသီအတွင်း နည်းပြအန်ဇိုမာရက်စ်ကာဦးဆောင်မှုနဲ့အတူ ချဲလ်ဆီးဟာ ဂျာအိုပက်ဒရိုနဲ့ လီယမ်ဒီလပ်တို့ကိုခေါ်ယူထားတာကြောင့် ဆီနီဂေါလက်ရွေးစင်အနေနဲ့ နေရာရဖို့ ရုန်းကန်သွားရဖွယ်ရှိပါတယ်။ ဂျက်ဆန်ရဲ့လစာဟာ တစ်ပတ်လုပ်ခ ပေါင် ၁ သိန်းအထိရှိနေတာကြောင့် အက်စတွန်ဗီလာအနေနဲ့လည်း အဆိုပါပမာဏကိုပေးချေနိုင်ဖို့ ရုန်းကန်သွားရနိုင်ပါတယ်။ 

ပြီးခဲ့တဲ့နှစ်မှာတော့ ဂျက်ဆန်နဲ့ပတ်သက်ပြီး အမ်မရီက "ဂျက်ဆန်က ဗီလာရီးရဲလ်ယူ-၂၁ အသင်းရဲ့ရာသီကြိုအစီအစဉ်မှာပါဝင်ခဲ့ပြီး ကျွန်တော်တို့စီနီယာအသင်းနဲ့ လေ့ကျင့်ရေးဆင်းခွင့်ရခဲ့ပါတယ်။ အဲဒီမှာ သူ့ရဲ့အလားအလာကိုကျွန်တော်မြင်တွေ့ခဲ့ရလို့ စီနီယာအသင်းဆီခေါ်ယူခဲ့တာပါ။ ကျွန်တော်တို့ ဗီလာရီးရဲလ်မှာ ၁ နှစ်လောက်အတူတူလက်တွဲခဲ့ပြီး သူ့ရဲ့ခြေစွမ်းလည်း အများကြီးတိုးတက်ခဲ့ပါတယ်"

"နောက်တော့ သူက ပွဲတွေအများကြီးကစားခဲ့ရပြီးအတွေ့အကြုံတွေလည်းရလာခဲ့ပါတယ်။ တစ်ချိန်တည်းမှာ သူ့ရဲ့စိတ်ဓာတ်ပိုင်းကလည်း အရမ်းကောင်းခဲ့ပြီး အမြဲတမ်း သင်ယူလိုစိတ်အပြည့်ရှိခဲ့ပါတယ်။ လေ့ကျင့်ရေးပြုလုပ်ဖို့အတွက်လည်း အရမ်းစိတ်အားတက်ကြွပြီး အာရုံစူးစိုက်မှုလည်းရှိခဲ့တာကြောင့် ပရော်ဖက်ရှင်နယ်ပီသတဲ့ကစားသမားတစ်ယောက်ပါ။ ဘဝမှာ ဘောလုံးက အရေးကြီးဆုံးအရာဖြစ်တယ်လို့သတ်မှတ်ထားတဲ့သူလည်းဖြစ်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

အပြောင်းအရွှေ့ကာလက စက်တင်ဘာလ ၁ ရက်နေ့မှာ ပိတ်သိမ်းတော့မှာဖြစ်လို့ ဂျက်ဆန်အနေနဲ့ စတန်းဖို့ဒ်ဘရစ်ချ်မှထွက်ခွာပါက ဘယ်အသင်းသို့ပြောင်းရွှေ့ရမယ်ဆိုတာ မကြာမီမှာပဲ ဆုံးဖြတ်သွားရမှာဖြစ်ပါတယ်။ ချဲလ်ဆီးအနေနဲ့ ဆီနီဂေါလက်ရွေးစင်ကို အပြီးသတ်ရောင်းချဖို့သာဆုံးဖြတ်ထားတာကြောင့် ဗီလာအနေနဲ့ ခေါ်ယူနိုင်ဖို့ အခွင့်အရေးပိုများနေပါတယ်။ 

ဂျက်ဆန်အနေနဲ့လည်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီနီဂေါလက်ရွေးစင်အသင်းအတွက် ပါဝင်ယှဉ်ပြိုင်ပေးဖို့ ဆန္ဒရှိနေတာကြောင့် ချဲလ်ဆီးမှထွက်ခွာပြီး ပုံမှန်ပွဲထွက်ခွင့်ရနိုင်မယ့် အက်စတွန်ဗီလာသို့ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနိုင်ပါတယ်။