အာဖရိကဘောလုံးလောကအုပ်ချုပ်မှုအဖွဲ့စည်းတွေကို ဝေဖန်ပြောဆိုလိုက်တဲ့ ဆီနီဂေါဂိုးသမားမန်ဒီ
အယ်လ်အာလီအသင်းရဲ့ ဂိုးသမား အီဒူဝါဒ်မန်ဒီဟာ ဆီနီဂေါအသင်းဆီကနေ ဒီနှစ် အာဖရိကဖလား (AFCON) ချန်ပီယံဆုကို ပြန်လည်ရုပ်သိမ်းလိုက်ခြင်းအတွက် အာဖရိကဘောလုံးအဖွဲ့ချုပ် (CAF) ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလ၊ ဗိုလ်လုပွဲမှာ အိမ်ရှင်အသင်းကို အချိန်ပိုမှာ အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့ပြီးနောက် ဆီနီဂေါအသင်းရရှိထားတဲ့ ဆုဖလားကို မော်ရိုကိုအသင်းဆီ လွှဲပြောင်းပေးအပ်ဖို့ CAF က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
ဒီလိုအမိန့်ထုတ်ထားပေမဲ့ ပီရူးအသင်းနဲ့ကစားခဲ့တဲ့ စနေနေ့ခြေစမ်းပွဲမှာတော့ ဆီနီဂေါကစားသမားတွေက Stade de France ကွင်းအတွင်း ဆုဖလားကို လှည့်လည်ပြသပြီး အောင်ပွဲခံခဲ့ကြပါတယ်။
ခြေစမ်းပွဲစဉ်အပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ချဲလ်ဆီးဂိုးသမားဟောင်း မန်ဒီက "ကျွန်တော်တို့ ဒီ CAF အဖွဲ့အစည်းနဲ့ နားလည်မှုလွဲတာတွေ ရှိနေပါတယ်။ ဒါလည်း ကျင့်သားရနေပါပြီ။ စိတ်မကောင်းစရာကတော့ ကျွန်တော်တို့မှာ ဘောလုံးလောကရဲ့အရှိန်အဟုန်ထက် အများကြီးနှေးကွေးနေတဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတစ်ခု ရှိနေတာပါပဲ။ လူတွေကတော့ ဘယ်သူနိုင်တယ်၊ ဘယ်သူရှုံးတယ်ဆိုတာကိုပဲ ပြောကြပေမဲ့ ကျွန်တော့်အမြင်မှာတော့ တကယ့်အရှုံးသမားက ဘောလုံးလောကနဲ့ အာဖရိကတိုက်ပါပဲ။ ဒီကိစ္စအတွက် တာဝန်အရှိဆုံးကတော့ CAF ပါပဲ" လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ၎င်းက "ခြုံပြောရရင် အာဖရိကဘောလုံးလောက,က သူ့ကို အုပ်ချုပ်နေတဲ့ အဖွဲ့အစည်းတွေထက် ပိုပြီးတော့ မြန်မြန်ဆန်ဆန်တိုးတက်နေပါတယ်။ အာဖရိကဘောလုံးလောကအတွက် ဒီထက်ပိုကောင်းတဲ့ ခေါင်းဆောင်တွေနဲ့ ထိုက်တန်ပါတယ်။ ဘောလုံးလောကထဲမှာ ပါဝင်ပတ်သက်နေသူတွေကိုယ်တိုင် တာဝန်ယူစိတ်ရှိဖို့ လိုသလို၊ ကျွန်တော်တို့ရဲ့ဘောလုံးလောကလိုပဲ အင်အားတောင့်တင်းတဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ ဖြစ်လာအောင် အစွမ်းကုန်ကြိုးစားကြဖို့လည်း လိုပါတယ်" လို့ ဆက်လက်ပြောဆိုခဲ့ပါတယ်။