ယူနိုက်တက်ပစ်မှတ် အန်ဂျလို စတေလာအတွက် စတုဂတ်အသင်း ပြောင်းရွှေ့ကြေး သတ်မှတ်
မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ ကွင်းလယ်ကစားသမား အန်ဂျလို စတေလာအတွက် စတုဂတ်အသင်းက သူတို့ အလိုရှိတဲ့ ပြောင်းရွှေ့ကြေးကို သတ်မှတ်လိုက်ပြီလို့ သိရပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စတေလာဟာ ဒီရာသီမှာ စတုဂတ်အသင်းအတွက် အဓိကကျတဲ့ ကစားသမားတစ်ဦး ဖြစ်နေပြီး ပွဲပေါင်း ၄၄ ပွဲ ကစားပေးထားရာမှာ သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ်အထိ ပြုလုပ်ပေးထားနိုင်သူလည်း ဖြစ်ပါတယ်။
အခုနွေရာသီမှာ စတေလာတစ်ယောက် ဒီဘွန်ဒက်စ်လီဂါကလပ်ကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေ အပြင်းအထန် ထွက်ပေါ်နေသလို၊ မန်ယူနဲ့ ရီးရဲလ်မက်ဒရစ်တို့လို အသင်းကြီးတွေကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတယ်လို့ ဆိုပါတယ်။
Sport BILD ရဲ့ ဖော်ပြချက်အရ စတုဂတ်အသင်းဟာ ဒီကွင်းလယ်လူ မရှိတော့မယ့် အခြေအနေအတွက် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီး၊ သူ့အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ အထိ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။