The network connection is lost.

Banner Image

လီဗာပူးဆီ အန်ဒီကာရိုး လုံး၀မပြောင်းချင်ခဲ့ဘူးလို့ ဖွင့်ဟလာတဲ့ နယူးကာဆယ်ကပ္ပတိန်ဟောင်းနိုလန်

နယူးကာဆယ်ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းကီဗင်နိုလန်က လီဗာပူးဆီ ပြောင်းရွှေ့ဖို့ အန်ဒီကာရိုး ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ဘူးလို့ ပြောကြားလိုက်ပါတယ်။

၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလအပြောင်းအရွှေ့နောက်ဆုံးရက်မှာ ဖာနန်ဒိုတောရက်စ်ကို ချဲလ်ဆီးဆီ ရောင်းချပြီးနောက် လီဗာပူးက ကာရိုးကို ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ နယူးကာဆယ်သား ကာရိုးက အဲ့ဒီအချိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် ၃၅ သန်းနဲ့ အန်ဖီးလ်ဆီ ရောက်ရှိလာခဲ့ပါတယ်။

"The Good, The Bad & The Football" အမည်ရှိ ပေါ့ဒ်ကတ်စ်အစီအစဉ်မှာ နိုလန်က " အန်ဒီကာရိုး မပြောင်းချင်ခဲ့ပါဘူး၊ အသင်းမှ မထွက်ချင်ခဲ့ပါဘူး။"

"နယူးကာဆယ်အသင်းဘက်ကတော့ 'မဟုတ်ဘူး၊ ငါတို့ ပေါင် ၃၅ သန်း ရတော့မယ်' ဆိုတဲ့ ပုံစံမျိုးပဲ ဖြစ်နေခဲ့ပါတယ်။ ကျွန်တော့်အိမ်ဆီ သူရောက်လာပြီး ကျွန်တော်တို့ အတူတူထိုင်ဖြစ်တဲ့အချိန်ကို မှတ်မိနေပါသေးတယ်"

"လူတိုင်းက သူ့ကို လိုက်ရှာနေကြပြီး ဖုန်းတွေလည်း တောက်လျှောက်ဝင်ခဲ့ပါတယ်။ ကျွန်တော် သူနဲ့ စကားပြောနေတုန်းမှာ ပြောင်းရွှေ့ကြေးက ၂၉ သန်း... ၃၁ သန်း ဖြစ်လာတော့ 'ဘာလဲ၊ သူ့အတွက် ဒီလောက်တောင်လား' လို့ ကျွန်တော်တောင် အံ့သြမိသေးတယ်။"

"ကျွန်တော်တို့ ခြောက်လလောက် တကယ်ကို ခြေစွမ်းပြနိုင်ခဲ့ကြတယ်။ ပရီးမီးယားလိဂ်မှာ တခြားအသင်းတွေကို ခြိမ်းခြောက်နိုင်ခဲ့ပြီး ကျွန်တော်တို့နှစ်ဦးအကြားမှာ အတွဲအဖက်ကောင်းလေးတစ်ခု ရနေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါကြီး ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်တို့ဆီမှာ လူစာရင်းကောင်းလည်း ရှိနေခဲ့ပါတယ်"

"လီဗာပူးကိုသွားဖို့အတွက် ကာရိုးက ကျွန်တော့်အိမ်မှတဆင့် ဟယ်ရီကော်ပတာဆီ ထွက်ခွာသွားပါတယ်"

"သူက 'ကျွန်တော် မသွားချင်ဘူး' လို့ ပြောခဲ့တယ်။ သူက နယူးကာဆယ်သားစစ်စစ်ဖြစ်ပြီး နယူးကာဆယ်ရဲ့ ဂန္ထဝင်တစ်ဦးဖြစ်ချင်ခဲ့လို့ နယူးကာဆယ်ရဲ့နံပါတ် ၉ ဂျာစီကို အမြဲတမ်းလိုလို ဝတ်ဆင်ချင်ခဲ့ပါတယ်"

"သိတဲ့အတိုင်း ပေါင် ၃၅ သန်းဆိုတဲ့ ဖိအား၊ လီဗာပူးဆီသွားရတာ၊ မတူညီတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ မိသားစု၊ သူငယ်ချင်းတွေနဲ့ ဝေးကွာသွားရမှု ဒီလိုအချက်တွေက သူ့အတွက် ခက်ခဲစေခဲ့ပါတယ်။"

"သူက အဲဒီတုန်းက သူ့ရဲ့ရည်းစားနဲ့အတူ ပြောင်းသွားခဲ့ပေမဲ့ ဒါ ခက်ခဲတယ်လို့ သူ ခံစားခဲ့ရပုံပါပဲ။ နယူးကာဆယ်မှာလိုမျိုး သူ့ကို ဝန်းရံကူညီပေးမယ့်သူတွေ မရှိတော့ဘဲ လီဗာပူးမှာ အသားကျဖို့ ကြိုးစားရတာက သူ့အတွက်တော့ တကယ့်ကို အပြောင်းအလဲကြီးတစ်ခုပါပဲ" လို့ နိုလန်က ပြောကြားခဲ့ပါတယ်။