The network connection is lost.

Banner Image

ချန်ပီယံဘွဲ့ရုပ်သိမ်းခံထားရပေမဲ့ ပရိသတ်တွေရှေ့မှောက် အာဖရိကဖလားကို လှည့်လည်ပြသခဲ့တဲ့ ဆီနီဂေါအသင်း

ဆီနီဂေါလက်ရွေးစင်အသင်းကစားသမားတွေနဲ့ အဖွဲ့ဝင်တွေက ချန်ပီယံဆု ဖယ်ရှားခံရပြီးနောက် ၁၀ ရက်အကြာမှာပဲ အာဖရိကနိုင်ငံများဖလား (Afcon) ကို Stade de France ကွင်းအတွင်း လှည့်လည်ပြသခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ၊ အာဖရိကနိုင်ငံများဖလားဗိုလ်လုပွဲမှာ ဆီနီဂေါက ၁-၀ နဲ့ အနိုင်ရရှိပြီး ချန်ပီယံဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပွဲမှာ အိမ်ရှင်မော်ရိုကိုအသင်းအတွက် ကွင်းလယ်ဒိုင်က နောက်ဆုံးမိနစ် ပင်နယ်တီပေးခဲ့မှုအပေါ် မကျေနပ်လို့ ဆီနီဂေါနည်းပြပါပေးသီယောက သူ့ကစားသမားတွေကို ကွင်းတွင်းမှခေါ်ထုတ်ခဲ့ပြီး အငြင်းပွားစရာတွေ ဖြစ်ခဲ့ပါတယ်။

၁၇ မိနစ်လောက် ပွဲရပ်နားသွားပြီးနောက် ကစားသမားတွေ ကွင်းတွင်းပြန်ဝင်လာခဲ့ကြပြီး နာကျင်အချိန်ပို ၂၄ မိနစ်မှာ ဘရာဟင်ဒီယက်ဇ်ရဲ့ပင်နယ်တီကန်ချက် ဂိုးမဝင်ခဲ့ပါဘူး။ အဲ့ဒီနောက် အချိန်ပိုမှာပဲ ဂူယီက အဝေးကန်ချက်ဖြင့် ဆီနီဂေါအသင်းအတွက် အဖိုးတန်အနိုင်ဂိုး သွင်းယူခဲ့ပါတယ်။

ဒါပေမဲ့ မတ် ၁၈ ရက်မှာ အာဖရိကဘောလုံးအဖွဲ့ချုပ်(CAF) ရဲ့ အယူခံဘုတ်အဖွဲ့က ဆီနီဂေါအသင်းရဲ့ချန်ပီယံဘွဲ့ကို ရုပ်သိမ်းခဲ့ပါတယ်။ ဆီနီဂေါအသင်းရဲ့ ကွင်းတွင်းမှထွက်ခွာသွားမှုက ယှဉ်ပြိုင်မှုကို အရှုံးပေးလိုက်ခြင်းနဲ့ သဘောသဘာ၀တူညီတယ်လို့ ဆုံးဖြတ်ခဲ့ပြီး မော်ရိုကိုအသင်းကို ၃-၀ နဲ့ အနိုင်ရရှိသူအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

ဒါပေမဲ့ စနေနေ့က Stade de France ကွင်းမှာ ပီရူးအသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမတိုင်ခင်မှာတော့ ဆီနီဂေါကစားသမားတွေက သူတို့ရဲ့ ပရိသတ်တွေရှေ့မှာ အာဖရိကဖလားကို ထုတ်ပြခဲ့ပါတယ်။ ဒီပွဲစဉ်အတွက် လက်မှတ်ကုန်စင်အောင် ရောင်းချခဲ့ရပါတယ်။

အသင်းသားတွေက ဖလားကို ကွင်းပတ်လှည့်ပြခဲ့သလို အဖွဲ့လိုက်ဓာတ်ပုံလည်း ရိုက်ခဲ့ကြပါတယ်။ အသင်းခေါင်းဆောင်ကူလီဘာလီက ဖလားကို ကိုင်ဆောင်လာချိန်နဲ့ ဂိုးသမားမန်ဒီက ဖလားကို မြှောက်ပြချိန်တွေမှာ ပရိသတ်တွေရဲ့ အားပေးသံ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်ခဲ့ပါတယ်။

ဒီလိုဖလားလှည့်လည်ပြသမှုဟာ ဆီနီဂေါအသင်းက သူတို့ကိုယ်သူတို့ အာဖရိကချန်ပီယံအဖြစ် သတ်မှတ်ထားဆဲဆိုတာကို ပြသလိုက်ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ်နဲ့ အခု ၂၀၂၅/၂၆ ခုနှစ်မှာ ချန်ပီယံဖြစ်ခဲ့မှုအတွက် အထိမ်းအမှတ်အဖြစ် သူတို့ရဲ့ ဂျာစီတွေမှာ ကြယ်နှစ်လုံးတပ်ဆင်ဖို့လည်း ဆုံးဖြတ်ထားပါတယ်။

တစ်ဖက်မှာလည်း ဆီနီဂေါဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအဗ္ဗဒူလာယဲဖောက CAF ရဲ့ ဆုံးဖြတ်ချက်ကို ဘောလုံးသမိုင်းတလျှောက် "တရားမျှတမှုအကင်းမဲ့ဆုံး စီမံခန့်ခွဲမှုဆိုင်ရာ လုယက်မှု" လို့ ဝေဖန်ခဲ့ပါတယ်။ ဆီနီဂေါဘောလုံးအဖွဲ့ချုပ်က ဒီဆုံးဖြတ်ချက်ကို အားကစားခုံရုံး (CAS) ဆီ တရားဝင်တိုင်ကြားထားပေမဲ့ အပြီးသတ်ဆုံးဖြတ်ချက်ထွက်လာဖို့တော့ လနဲ့ချီ ကြာမြင့်နိုင်ပါတယ်။