
ရာသီဝက်မှာ ခြေစမ်းပွဲစဉ်တွေကစားသွားမယ်လို့ အာမိုရင်အတည်ပြု
မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်က အသင်းဟာ အပိုဝင်ငွေရှာဖွေသွားဖို့အတွက် ရာသီဝက်ကာလမှာ ခြေစမ်းပွဲစဉ်တွေကစားသွားမှာဖြစ်ကြောင်း အတည်ပြုပြောကြားလာခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာမှာသာရပ်တည်ခဲ့သလို၊ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာလည်း တော့တင်ဟမ်ကိုအရေးနိမ့်ခဲ့တာကြောင့် ဥရောပဝင်ခွင့်နဲ့လွဲချော်ခဲ့ရပြီး ယခုရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေသာ အဓိက ကစားသွားရမှာဖြစ်ပါတယ်။
ဥရောပဝင်ခွင့်မရခဲ့တာကြောင့် ယူနိုက်တက်အနေနဲ့ဘဏ္ဍာရေးအရ ပေါင်သန်း ၁၀၀ ခန့်ဆုံးရှုံးခဲ့ရပြီး အိုးလ်ထရက်ဖို့ဒ်မှာလည်း ပွဲစဉ်တွေမရှိလို့ ဝင်ငွေဆုံးရှုံးမှုတွေ ထပ်မံဖြစ်ပေါ်လာဦးမှာဖြစ်ပါတယ်။ ဒါကြောင့် အပိုဝင်ငွေရှာဖွေဖို့အတွက် ယူနိုက်တက်ဟာ ယခုရာသီအတွင်း အားလပ်ချိန်တွေမှာ ကမ္ဘာပတ်ပြီး ခြေစမ်းပွဲစဉ်တွေကစားဖို့ စီစဉ်ထားပါတယ်။
ယခုအခါမှာ အာမိုရင်က “ကျွန်တော်တို့ ခြေစမ်းပွဲစဉ်တွေကစားသွားရပါမယ်။ ကျွန်တော်တို့ ဥရောပဝင်ခွင့်မရခဲ့လို့ လုပ်ရမယ့်အရာတွေ အများကြီးရှိနေပါတယ်။ ကျွန်တော်တို့ပရိသတ်တွေနဲ့ ဝင်ငွေအတွက် လုပ်စရာရှိတာလုပ်သွားရမှာပါ။ ကမ္ဘာအနှံ့က ယူနိုက်တက်ပရိသတ်တွေနဲ့လည်း ကျွန်တော်တို့ဆုံချင်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် အချိန်လွတ်တွေတော့ ရှာဖွေသွားရပါဦးမယ်” လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာတော့ ယူနိုက်တက်ဟာ အာရှသို့ခရီးထွက်ခွာခဲ့ပြီး အာဆီယံအောစတားအသင်းကိုရှုံးနိမ့်ခဲ့ကာဟောင်ကောင်အသင်းကိုတော့ အနိုင်ရခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ ယူနိုက်တက်ဟာ ခြေစမ်းခရီးစဉ်ကို အရှေ့အလယ်ပိုင်း ဆော်ဒီအာရေဗျသို့ထွက်ခွာလာနိုင်တယ်လို့ ထင်ကြေးပေးထားကြပြီး အသင်းရဲ့ဂန္ထဝင်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုကစားနေတဲ့ အယ်လ်နာဆာနဲ့လည်း ခြေစမ်းသွားနိုင်တယ်လို့ သိရပါတယ်။
ရော်နယ်ဒိုဟာ ၂၀၂၂ ခုနှစ်မှာ ယူနိုက်တက်မှထွက်ခွာပြီး ဆော်ဒီသို့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ထိုစဉ်က ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ ယူနိုက်တက်ရဲ့စီမံခန့်ခွဲမှုနဲ့ လုပ်ငန်းစဉ်တွေကို အင်တာဗျူးတစ်ခုမှာ လူသိရှင်ကြားဝေဖန်ခဲ့ပါသေးတယ်။ ယူနိုက်တက်ဟာ ယခုရာသီအတွင်း ကာရာဘောင်ဖလားပြိုင်ပွဲကနေလည်း ထွက်ခွာခဲ့ရပြီးဖြစ်လို့ ပွဲစဉ်တွေအများအပြားကစားသွားရဖို့မရှိဘဲ အားလပ်ချိန်တွေပိုမိုရရှိသွားမှာဖြစ်ပါတယ်။
လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ယူနိုက်တက်ဟာ ခြေစွမ်းတည်ငြိမ်နေတဲ့ တန်းတက်အသင်း ဆန်းဒါးလန်းကိုအိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး နိုင်ပွဲပြန်လည်ရရှိအောင်စွမ်းဆောင်သွားနိုင်မလားစောင့်ကြည့်ရပါမယ်။