အသင်းပြောင်းရွှေ့ဖွယ်ရှိတဲ့တော့တင်ဟမ်ကြယ်ပွင့်ကို လီဗာပူးနဲ့ ချယ်လ်ဆီးတို့ စိတ်ဝင်စားနေ
တော့တင်ဟမ်အသင်းကာ လာမယ့်နွေရာသီအပြောင်းအရွှေ့မတိုင်ခင် သူတို့ရဲ့ကစားသမားဘက်ဂ်ဗာလီအတွက် ပြောင်းရွှေ့ကြေးသတ်မှတ်လိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
တော့တင်ဟမ်က ၂၀၂၄ ခုနှစ်မှာ လာလီဂါထိပ်သီးဘာစီလိုနာကို ကျော်ဖြတ်ပြီး ဘက်ဂ်ဗာလီကို ပြောင်းရွှေ့ကြေး ပေါင် ၈ ဒဿမ ၅ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ မြောက်လန်ဒန်ကလပ်က တန်းဆင်းဇုန်အန္တရာယ်နဲ့ ရင်ဆိုင်နေရလို့ ဒီဆွီဒင်ကြယ်ပွင့်ကို ပြန်လည်ရောင်းချဖို့ ဖိအားပေးခံရနိုင်ခြေရှိပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်၊ အာဆင်နယ်ကို ၄-၁ ဂိုးဖြင့် အပြတ်အသတ်ရှုံးနိမ့်ခဲ့ပြီးနောက် တန်းဆင်းဇုန်နဲ့ တော့တင်ဟမ်တို့ ပိုမိုနီးကပ်လာခဲ့ပါတယ်။ ဒါကြောင့် အသင်းရဲ့နေရာအနှံ့မှာ လူအင်အားဖြည့်တင်းဖို့ လိုအပ်နေတာကတော့ ငြင်းလို့မရတဲ့အချက် ဖြစ်လာခဲ့ပါတယ်။
လတ်တလောမှာ ဆွီဒင်သတင်းဌာနတစ်ခုဖြစ်တဲ့ Fotboll Direkt ရဲ့ဖော်ပြချက်အရ တော့တင်ဟမ်က ပရီးမီးယားလိဂ်ပြိုင်ဘက် လီဗာပူးနဲ့ချဲလ်ဆီးတို့ စိတ်ဝင်စားနေတဲ့ ကွင်းလယ်ကစားသမားအတွက် ပြောင်းရွှေ့ကြေးပေါင် ၅၇ သန်း သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။
ဘက်ဂ်ဗာလီက အခုလအတွင်းမှာပဲ အသက်-၂၀ နှစ်ပြည့်မြောက်ခဲ့ပြီး လာမယ့်နှစ်အနည်းငယ်အကြာမှာ ကမ္ဘာ့အဆင့်ကစားသမားတစ်ဦး ဖြစ်လာနိုင်တဲ့ အရည်အသွေးတွေ ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် ဆုဖလားပြိုင်ပွဲတွေနဲ့အလှမ်းဝေးနေတဲ့ တော့တင်ဟမ်မှ ဘက်ဂ်ဗာလီထွက်ခွာလာဖို့ အလားအလားများပြားလာပါတယ်။
ဒီဆွီဒင်လက်ရွေးစင်ကစားသမားက ၂၀၂၄ ခုနှစ်၊ နွေရာသီမှစတင်ကာ အသင်းအတွက် ပြိုင်ပွဲစုံပွဲထွက်ခွင့် ၄၀ ကြိမ်နဲ့ လူစားဝင်အဖြစ် ၃၁ ကြိမ်အထိ ကစားပေးခဲ့ပြီး နှစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှုရှစ်ကြိမ် ပြုလုပ်ထားပါတယ်။
တော့တင်ဟမ်အသင်းကိုယ်တိုင်လည်း တန်းမဆင်းရဘူးဆိုရင်တောင် အသင်းအတွင်း ကစားသမားအပြောင်းအလဲတွေ အမြဲပြုလုပ်နေပေမဲ့ လတ်တလောမှာ အသင်းရဲ့အခြေအနေ ဆိုးဆိုးရွားရွားကျဆင်းနေလို့ ဘက်ဂ်ဗာလီကို ထိန်းသိမ်းနိုင်ဖို့အတွက် အခက်တွေ့နိုင်ပါတယ်။
ဘက်ဂ်ဗာလီက ယူကရိန်းနဲ့ရင်ဆိုင်ရမယ့် ဆွီဒင်အသင်းရဲ့ မတ်လ၊ ကမ္ဘာ့ဖလားခြေစစ်ပွဲရှုံးထွက်ပွဲစဉ်မှာ ပါဝင်ကစားဖို့ရှိနေပါတယ်။