ဆော်ဒီပရိုလိဂ်ကစားသမားဘ၀အတွေ့အကြုံကြောင်း ဖွင့်ဟပြောပြလာတဲ့ ဘီလ်ဘာအိုနောက်ခံလူလာပေါ်တေး
လာပေါ်တေးက ပြီးခဲ့တဲ့နွေရာသီကာလအတွင်း မာဆေးလ်ဆီပြောင်းရွှေ့ဖို့ထက် ဘီလ်ဘာအိုဆီ ပြန်လာဖို့ကိုသာ ရွေးချယ်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ စပိန်လက်ရွေးစင်ကစားသမားက အခုဘောလုံးရာသီမှာတော့ ငယ်ဘ၀ကလပ်အသင်းဖြစ်တဲ့ ဘီလ်ဘာအိုဆီ ပြန်လာဖို့အတွက် အယ်လ်နာဆာအသင်းမှ ထွက်ခွာခဲ့ပါတယ်။
သူက "ကမ်းလှမ်းမှုတွေရှိခဲ့တာ အမှန်ပါပဲ။ မာဆေးလ်တင်မကဘဲ တခြားအသင်းတွေလည်း စိတ်ဝင်စားခဲ့ကြပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အိမ်၊ ဖခင်အပါအဝင် မိသားစုတွေနဲ့ ပိုနီးစပ်တဲ့နေရာမှာ နေချင်တဲ့ ဆန္ဒရှိခဲ့တယ်" လို့ ပြန်ပြောင်းပြောပြခဲ့ပါတယ်။ "ကျွန်တော့်ရဲ့ အစပျိုးခဲ့တဲ့ နေရာကို ပြန်သွားဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါကြောင့်ပဲ ဘီလ်ဘာအိုဆီ ပြန်လာဖြစ်ခဲ့တာပါ" လို့လည်း ဆိုပါတယ်။
ဆော်ဒီပရိုလိဂ်မှာကုန်ဆုံးခဲ့တဲ့အချိန်တွေနဲ့ပတ်သက်လို့ လာပေါ်တေးက "ဒါကို ကျွန်တော် တစ်ခါမှ မပြောဖူးသေးပါဘူး၊ ဒါပေမဲ့ ဆော်ဒီကို ရောက်တဲ့ ပထမဆုံးနှစ်ကတည်းက ဒါဟာ ကျွန်တော် ရှာဖွေနေတဲ့ အရာမဟုတ်ဘူးဆိုတာကို သတိထားမိခဲ့ပါတယ်" လို့ ပြောပါတယ်။
"အစပိုင်းကတည်းက အသင်းနဲ့ စကားပြောခဲ့ပြီး သူတို့က စိတ်ရှည်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ အခြေအနေက အရင်အတိုင်းပါပဲ။ အဲဒီမှာ ပြဿနာအချို့ရှိခဲ့ပေမဲ့ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို ကျွန်တော်တို့ မသိခဲ့ကြဘူး။ ဒါကြောင့် တတိယမြောက်နှစ်အထိဆက်မသွားဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော့်အတွက် အရမ်းအရေးကြီးတဲ့ မိသားစုရေးရာ အခြေအနေတွေလည်း ပါတာပေါ့" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။