The network connection is lost.

Banner Image

ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ပြိုင်ဘက်နဲ့မဆို ရင်ဆိုင်နိုင်ပါတယ်လို့ ကြွေးကြော်လိုက်တဲ့ အင်တာမိုင်ယာမီနည်းပြ မာရှေယာနို

ဒီနေ့မနက်ပိုင်း၊ ပေါ်တိုကို နောက်မှလိုက်ကစားကာ ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ အိပ်မက်ဆန်ဆန်ပွဲစဉ်အပြီး ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးနိုင်ပွဲကို ဆွတ်ခူးနိုင်ပြီးနောက် အင်တာမိုင်ယာမီနည်းပြမာရှေယာနိုက စိတ်လှုပ်ရှားဖွယ်သတင်းစကားတစ်ခုကို သတင်းစာရှင်းလင်းပွဲမှာ ဖွင့်ချခဲ့ပါတယ်။

မာရှေယာနိုက “ ပထမဆုံးအနေနဲ့ သူတို့ကစားခဲ့တဲ့ပွဲစဉ်အတွက် ကစားသမားတွေကို ဂုဏ်ပြုချင်ပါတယ်။ ရလဒ်အပြင် ဘောလုံးပိုင်ဆိုင်ထားချိန်မှာရော၊ ဘောလုံးဆုံးရှုံးချိန်မှာပါ ရဲစွမ်းသတ္တိအပြည့်နဲ့ကစားနေတဲ့သူတို့ကို မြင်တွေ့ရတာ ဂုဏ်ယူစရာအရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ ဒီနေ့မှာဆိုရင် ကျွန်တော်တို့အသင်းက ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ပြိုင်ဘက်နဲ့မဆို ယှဉ်ပြိုင်စွမ်းနိုင်စွမ်းရှိတဲ့အကြောင်း ထုတ်ဖော်ပြသခဲ့ပါတယ်”လို့ ပြောပါတယ်။

အခုနိုင်ပွဲကြောင့် တရားဝင်ပြိုင်ပွဲတစ်ခုမှာ ဥရောပအခြေစိုက်ကလပ်အသင်းတစ်ခုကို အမေရိကန်မေဂျာလိဂ်ကလပ်အသင်းတစ်ခုက ပထမဆုံးအကြိမ် အနိုင်ရရှိမှုဆိုတဲ့ မှတ်တမ်းတစ်ရပ် ထွက်ပေါ်လာလို့ အင်တာမိုင်ယာမီအတွက်တင်မက အမေရိကန်မေဂျာလိဂ်အတွက်ပါ သမိုင်းဝင်နိုင်ပွဲတစ်ခု ဖြစ်လာပါတယ်။ ပွဲချိန်အစောပိုင်းမှာပဲ ပေါ်တိုတိုက်စစ်မှူးဆာမူရဲ့ပယ်နယ်တီဂိုးကို ခွင့်ပြုပေးခဲ့ရလို့ အင်တာမိုင်ယာမီတို့ နောက်မှလိုက်ကစားခဲ့ရပေမယ့် မာရှေယာနိုရဲ့အသင်းက ဒူးထောက်အရှုံးပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

အင်တာမိုင်ယာမီနည်းပြက “ တကယ်လို့ ကျွန်တော်တို့မှာ ပွဲကြိုအစီအမံတစ်ခုနဲ့ အတူတကွကစားဝံ့မယ်ဆိုရင် ကျွန်တော်တို့တွေ ယှဉ်ပြိုင်နိုင်စွမ်း ရှိလာပါလိမ့်မယ်။ အခုပွဲစဉ်မှာကြုံတွေ့လာရတဲ့ အခက်အခဲတွေကို ကျော်ဖြတ်ပြီး ကိုယ့်ရဲ့မူပိုင်အမှတ်တံဆိပ်ကို ထိန်းသိမ်းသွားပုံက လေးစားစရာကောင်းပါတယ်။ လူတိုင်းမှာ ကိုယ်ကြိုးစားလုပ်ဆောင်သွားရမယ့်အရာတွေကို ကတိကဝတ်ပြုပြီးသား ဖြစ်ပါတယ်။ ဒါက ကလပ်အသင်းအတွက် သမိုင်းဝင်နေ့ရက်တစ်ခုပါ။

လူတိုင်းလည်း ကိုယ်ပိုင်နည်းလမ်းတွေနဲ့အတူ အောင်ပွဲခံသင့်ပါတယ်။ ဒီကလပ်အသင်းရှေ့ဆက်နိုင်ဖို့အတွက် ကျရာအခန်းကဏ္ဍမှာ ကိုယ်စီအားဖြည့်ပါဝင်သွားကြပါတယ်။ ဒါက ကျွန်တော်တို့တွေ ရှင်သန်ထမြောက်နေဆဲပဲလို့ အဓိပ္ပါယ်ရပါတယ်။ အုပ်စုအဆင့်အတွက် ကောင်းမွန်တဲ့ပစ်ချက်တစ်ခုနဲ့အတူ အုပ်စုအပိတ်ပွဲစဉ်ဆီ ကျွန်တော်တို့ ချီတက်သွားပါပြီ”လို့ ပြောပါတယ်။ ဆက်လက်ပြီး အာဂျင်တီးနားလူမျိုးနည်းပြက အံ့အားသင့်ဖွယ်ဖရီးကစ်ကန်ချက်နဲ့အတူ အခုပွဲစဉ်အတွက် အဆုံးအဖြတ်အနိုင်ဂိုးသွင်းယူပေးသွားတဲ့ ဂန္တဝင်မြောက်တစ်နိုင်ငံတည်းသား မက်ဆီကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

မာရှေယာနိုက “ မက်ဆီဆိုတာ ကျွန်တော်တို့ကို ဘယ်လိုပုံစံမျိုးနဲ့ယှဉ်ပြိုင်ကစားရမလဲဆိုတာ ပြသသွားတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ အဆင့်အတန်းတစ်ခုမှာရှိနေတဲ့ စွမ်းဆောင်ရည်ကို ထိန်းသိမ်းသွားလိုတဲ့ သူ့ရဲ့ဆန္ဒနဲ့ ဆာလောင်မှုတွေက ကျွန်တော်တို့ လျှောက်လှမ်းရမယ့် လမ်းကြောင်းကို ပြသပေးပြီး ဦးဆောင်ခေါ်ယူသွားပါတယ်”လို့ ပြောပါတယ်။

အင်တာမိုင်ယာမီက လာမယ့်တနင်္လာနေ့၊ Hard Rock Stadium မှာ ပါမီးရက်စ်နဲ့ ရင်ဆိုင်သွားရပါလိမ့်မယ်။ အဲ့ဒီပွဲစဉ်မှာ အနိုင်ရရှိတဲ့အသင်းက အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်တက်လှမ်းနိုင်မှာဖြစ်ပြီး သရေရလဒ်ဆိုရင်လည်း နှစ်သင်းလုံး ရှုံးထွက်အဆင့်ဆီ ရောက်ရှိသွားပါလိမ့်မယ်။ လတ်တလောမှာတော့ ဘရာဇီးကလပ်က အုပ်စုဗိုလ်အဖြစ် ရပ်တည်နေပြီး အုပ်စုအပိတ်ပွဲစဉ်မှာ ရှုံးနိမ့်တဲ့အသင်းက ပြိုင်ပွဲမှထွက်ခွာသွားရနိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရပါလိမ့်မယ်။