The network connection is lost.

Banner Image

လာမယ့်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပရီးမီးယားလိဂ်မှ အသင်း ၃ သင်းအထိ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးဖို့ ဖီဖာစီစဉ်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဟာ ၂၀၂၉ ခုနှစ်မှာ ကျင်းပသွားမယ် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်းအရေအတွက်ကို တိုးမြှင့်ဖို့ပြင်ဆင်နေပြီး ယခုအခါမှာတော့ ပရီးမီးယားလိဂ်မှ အသင်း ၃ သင်းအထိ အဆိုပါပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုသွားဖို့ စီစဉ်နေတယ်လို့သိရပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အင်္ဂလန်ပရီးမီးယားလိဂ်မှ ချဲလ်ဆီးနဲ့ မန်စီးတီးတို့ ၂ သင်းသာ အင်္ဂလန်ကိုယ်စားပြုအဖြစ်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ချဲလ်ဆီးက ဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံလိဂ်ချန်ပီယံ ပီအက်စ်ဂျီကို ၃ ဂိုးပြတ်သွင်းပြီး ဆုဖလားဆွတ်ခူးခဲ့ပါတယ်။

The Times သတင်းဌာနရဲ့ဖော်ပြချက်အရ ဖီဖာအနေနဲ့ လက်ရှိစည်းမျဉ်းစည်းကမ်းတွေထဲမှာ နိုင်ငံတစ်နိုင်ငံမှ ကလပ်အသင်း ၂ ခုသာ ကလပ်ကမ္ဘာ့ဖလားကိုဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးဖို့သတ်မှတ်ထားပေမယ့် ပြီးခဲ့တဲ့ပြိုင်ပွဲမှာ ချဲလ်ဆီးက ဗိုလ်စွဲထားခဲ့တာကြောင့် ပရီးမီးယားလိဂ်မှ အပိုတစ်သင်းကို ၂၀၂၉ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထည့်သွင်းဖို့စီစဉ်နေတယ်လို့သိရပါတယ်။ 

ပြီးခဲ့တဲ့ပြိုင်ပွဲမှာတော့ ဖီဖာဟာ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူး၊ လာလီဂါချန်ပီယံ ဘာစီလိုနာနဲ့ စီးရီးအေချန်ပီယံ နာပိုလီတို့ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပေးခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ကမ္ဘာ့အကောင်းဆုံးအသင်းတွေယှဉ်ပြိုင်ခြင်းမှ ဟုတ်ရဲ့လားဆိုတဲ့ မေးခွန်းတွေလည်းပေါ်လာခဲ့ပြီး ပြိုင်ပွဲရဲ့အနာဂတ်ကလည်း အငြင်းပွားမှုတွေကြုံတွေ့နေရပါတယ်။ယခုအခါမှာတော့ ဖီဖာအနေနဲ့ နိုင်ငံတစ်နိုင်ငံကို အသင်း ၁ သင်းတိုးမြှင့်ယှဉ်ပြိုင်ခွင့်ပြုမယ်ဆိုရင်တော့ အဆိုပါအငြင်းပွားမှုတွေကို ဖြေရှင်းသွားနိုင်မှာဖြစ်ပါတယ်။ 

တစ်ချိန်တည်းမှာပဲ ဖီဖာဟာ လာမယ့်ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကမ္ဘာတစ်ဝှမ်းမှအသင်းပေါင်း ၄၈ သင်းအထိဝင်ရောက်ယှဉ်ပြိုင်စေဖို့ စီစဉ်ထားတာကြောင့် ယူအီးအက်ဖ်အေဘောလုံးအဖွဲ့ချုပ်ရဲ့ ဆန့်ကျင်မှုတွေနဲ့လည်း ကြုံတွေ့လာရနိုင်ပါတယ်။ ယူအီးအက်ဖ်အေဟာ ယခင်ကတည်းက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ၄ နှစ် ၁ ကြိမ်မဟုတ်ဘဲ ၂ နှစ် ၁ ကြိမ်ကျင်းပဖို့အတွက်လည်း သဘောမတူကြောင်း အခိုင်အမာပြောကြားထားပြီးဖြစ်ပါတယ်။ 

လာမယ့်သောကြာနေ့မှာ ဖီဖာရဲ့ကောင်စီအစည်းအဝေးကို ပြုလုပ်သွားမှာဖြစ်ပေမယ့် ပြိုင်ပွဲမှာအသင်းအရေအတွက်တိုးမြှင့်ရေးကိစ္စတွေကိုတော့ ဆွေးနွေးဖွယ်မရှိသေးပါဘူး။ လောလောဆယ်အထိတော့ ပြိုင်ပွဲချဲ့ထွင်ရေးကိစ္စတွေကို တရားဝင်ဆွေးနွေးမှုတွေမပြုလုပ်ရသေးပေမယ့် ဖီဖာဒုဥက္ကဌ ဗစ်တာမွန်တာဂလီယာနီကတော့ ပြိုင်ပွဲကို ချဲ့ထွင်သွားဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားထားပါတယ်။