မက်ဆီ တံကောက်ကြောဒဏ်ရာရသွားလို့ ပွာတိုရီကိုမှာ ကစားမယ့် အင်တာမိုင်ယာမီပွဲကို ရွှေ့ဆိုင်းခဲ့ရ
အာဂျင်တီးနားကြယ်ပွင့် လီယွန်နယ်မက်ဆီဟာ ဘယ်ဘက်ပေါင်တံကောက်ကြော ကြွက်သားဒဏ်ရာကြောင့် ဗုဒ္ဓဟူးနေ့က လေ့ကျင့်ခန်း မဆင်းနိုင်ခဲ့သလို၊ ပွာတိုရီကိုမှာ ကစားဖို့ရှိတဲ့ပွဲစဉ်ကိုလည်း ရွှေ့ဆိုင်းလိုက်ရကြောင်း အင်တာမိုင်ယာမီအသင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အသင်းခေါင်းဆောင် မက်ဆီဟာ ပြီးခဲ့တဲ့ စနေနေ့က အီကွေဒေါမှာ ကစားခဲ့တဲ့ ဘာစီလိုနာဒီဂွါယာကေးလ်နဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
ဒဏ်ရာအခြေအနေ ဘယ်လောက်အထိ ဆိုးရွားသလဲဆိုတာကို သိနိုင်ဖို့အတွက် မက်ဆီကို ထပ်မံစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရပါတယ်။
မက်ဆီက"စိတ်မကောင်းစရာပါပဲ၊ ပြီးခဲ့တဲ့ပွဲတုန်းက ကြွက်သားတွေ တင်းတောင့်သွားတာကို ခံစားလိုက်ရတယ်" လို့ အသင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောကြားခဲ့ပါတယ်။
မက်ဆီ ဘယ်တော့လောက်မှာ ပြန်ကစားနိုင်မလဲဆိုတာကတော့ အတိအကျ မသိရသေးဘဲ လာမယ့်ရက်တွေအတွင်း ဒဏ်ရာအခြေအနေတိုးတက်လာမယ့် အခြေအနေပေါ်မှာပဲ မူတည်ပြီး လေ့ကျင့်ခန်း ပြန်ဆင်းနိုင်မယ်လို့ အသင်းက ဆိုပါတယ်။
လက်ရှိချန်ပီယံ အင်တာမိုင်ယာမီအသင်းဟာ ၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံး မေဂျာလိဂ်ပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ လော့စ်အိန်ဂျလိစ်အက်ဖ်စီနဲ့ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အင်တာမိုင်ယာမီဟာ လာမယ့်သောကြာနေ့မှာ အီကွေဒေါကလပ် အင်ဒီပန်ဒီယန့်တေဒယ်ဗယ်လ်နဲ့ ပွာတိုရီကိုမှာ ယှဉ်ပြိုင်ဖို့ရှိနေပေမဲ့ အဲဒီပွဲကို ဖေဖော်ဝါရီ ၂၆ ရက်နေ့ကို ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။
ဆက်လက်ပြီး မက်ဆီက"ခင်ဗျားတို့ကို တွေ့ဖို့ ကျွန်တော် တကယ်ကို မျှော်လင့်နေခဲ့တာပါ။ ဒါကြောင့် ပွာတိုရီကိုကို လာပြီး ကစားနိုင်ဖို့အတွက် အခြားရက်တစ်ရက်ကို အသင်းနဲ့အတူ ညှိနှိုင်းရှာဖွေခဲ့ပါတယ်။ အင်တာမိုင်ယာမီပွဲကို ကြည့်ချင်နေကြတဲ့ ခင်ဗျားတို့ရဲ့ စိတ်လှုပ်ရှားမှုနဲ့ ဆန္ဒကို ကျွန်တော်တို့ သိပါတယ်၊ မကြာခင် ကစားမယ့် ဒီပွဲက တကယ့်ကို ထူးခြားပါလိမ့်မယ်" လို့ ပြောခဲ့ပါတယ်။