
ဒုတိယအကျော့မှာလည်း လေဗာကူဆင်ကိုအနိုင်ရဖို့ ကြိုးစားသွားမယ်လို့ဆိုလာတဲ့ ကွန်ပနီ
ဘိုင်ယန်မြူးနစ်နည်းပြ ဗင်းဆင့်ကွန်ပနီက ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ လေဗာကူဆင်ကို ၃-၀ နဲ့ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် အဆိုပါပွဲစဉ်မှ အသင်းရဲ့ခြေစွမ်းကို အကဲဖြတ်ပြောကြားလာခဲ့ပြီး ဒုတိယအကျော့မှာလည်း တူညီတဲ့ပုံစံနဲ့ကစားသွားရမယ်လို့ တိုက်တွန်းလာခဲ့ပါတယ်။ ဒါ့အပြင် ကွန်ပနီဟာ ယခုပွဲစဉ်မှာ ဒဏ်ရာရခဲ့တဲ့ ဂိုးသမား မန်နူရယ်နူအာရဲ့အခြေအနေကိုလည်း အသိပေးခဲ့ပါတယ်။
လေဗာကူဆင်ကိုဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်ဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်သို့ ခြေတစ်ဖက်တက်လှမ်းနိုင်ခဲ့ပြီလို့ဆိုရမှာဖြစ်ပြီး ဒုတိယအကျော့အဝေးကွင်းပွဲစဉ်မှာလည်း ရလဒ်ကောင်းကိုဆက်လက်ပုံဖော်ဖို့ ကွန်ပနီက ရည်ရွယ်ထားတာဖြစ်ပါတယ်။ ပွဲအပြီးမှာ ကွန်ပနီက "ကျွန်တော်တို့ ပထမအကျော့ကို ကောင်းကောင်းကစားပြီး အနိုင်ရခဲ့ပါတယ်။ လာမယ့်အပတ် ဒုတိယအကျော့ပွဲစဉ်ကို လေဗာကူဆင်ရဲ့ကွင်းမှာသွားကစားရပါမယ်။ ကွာတားဖိုင်နယ်အဆင့်ကိုရောက်ရှိဖို့ အဲဒီပွဲမှာလည်း အခုလိုပဲ ကောင်းကောင်းကစားသွားဖို့လိုပါတယ်"
"ဒီရာသီမှာ ကျွန်တော်တို့ လေဗာကူဆင်နဲ့ ၄ ကြိမ်အထိကစားခဲ့ပြီး အခု ၁ ကြိမ်အနိုင်ရခဲ့ပါပြီ။ ဒီနေ့ပွဲစဉ်မှာ အသေးစိတ်အချက်အလက်လေးတွေနဲ့ ပတ်သက်ပြီး ပြင်ဆင်ရမှာတွေရှိနေပါသေးတယ်" လို့ပြောကြားခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ဂိုးသမား မန်နူရယ်နူအာဟာ အသင်းဖော် မူစီယာလာရဲ့သွင်းဂိုးကို အောင်ပွဲခံရင်း သူ့ဘာသာ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရပါတယ်။ ဒါကြောင့် ဂျာမန်သားဟာ ဒုတိယပိုင်း ပွဲကစားချိန် ၅၈ မိနစ်မှာပဲ အရန်ဂိုးသမား ဂျိုနက်စ်အာဘစ်နဲ့ လူစားလဲခဲ့ရပါတယ်။
နူအာရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ကွန်ပနီက "လောလောဆယ်မှာတော့ သူ့ရဲ့ဒဏ်ရာနဲ့ပတ်သက်တဲ့ အချက်အလက်တွေကျွန်တော်မသိရသေးပါဘူး။ ဒါပေမယ့် အောင်ပွဲခံရင်း သူ့ဘာသာဒဏ်ရာရသွားခဲ့တာပါ။ ကြည့်ရတာ ခြေသလုံးဒဏ်ရာရသွားပုံပေါ်ပါတယ်" လို့အသိပေးပြောကြားခဲ့ပါတယ်။