The network connection is lost.

Banner Image

လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ကို စည်းမျည်းအသစ်နဲ့ပြောင်းလဲဖို့ ယူအီးအက်ဖ်အေပြင်ဆင်နေ

ပီအက်စ်ဂျီအသင်းကိုအရေးနိမ့်ပြီး ချန်ပီယံလိဂ်ကနေထွက်ခွာခဲ့ရပြီးနောက် ယူအီးအက်ဖ်အေဘက်က လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ကို စည်းမျည်းအသစ်နဲ့ အပြောင်းအလဲလုပ်ဖို့ ပြင်ဆင်နေပါတယ်။ အာတီတာရဲ့အသင်းဟာ ပြီးခဲ့တဲ့ညတုန်းက ပီအက်စ်ဂျီကို အနိုင်ယူဖို့ ပြင်ဆင်လာခဲ့ပေမယ့် အဝေးကွင်းမှာ ၂-၁ နဲ့အရေးနိမ့်ပြီး ၂ ကျော့ပေါင်းရလဒ် ၃-၁ နဲ့ ထွက်ခွာခဲ့ရပါတယ်။

ပီအက်စ်ဂျီအနေနဲ့ ဖိုင်နယ်ကိုတက်ရောက်နိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေသလို အိမ်ကွင်းမှာ သရေကန်ဖို့သာ လိုအပ်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဘက်က အခွင့်အရေးကောင်းတွေရခဲ့ပေမယ့် ဒွန်နာရမ်မာရဲ့လက်စွမ်းကြောင့်သာ အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ပီအက်စ်ဂျီဘက်ကလည်း အိမ်ကွင်းပရိသတ်အားပေးမှုနဲ့အတူ အာဆင်နယ်ကို အကောင်းဆုံးဖိအားပေးနိုင်ခဲ့ပါတယ်။

အဆင့် ၁၂ နေရာမှာရပ်တည်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းဟာ ယခင်အုပ်စုတွင်းပွဲစဉ်မှာတုန်းက အာဆင်နယ်ကို ၂-၀ နဲ့အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ရှုံးထွက်အဆင့်ကို ခြေစစ်ပွဲကန်စရာမလိုပဲ တက်ရောက်နိုင်ခဲ့သလို ကွာတားဖိုင်နယ်မှာလည်း ရီးရဲလ်လိုအသင်းကို ကျော်ဖြတ်လာခဲ့ရတာဖြစ်ပါတယ်။

သတင်းတွေအရ ယူအီးအက်ဖ်အေတာဝန်ရှိသူတွေဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ကိုအပြောင်းအလဲပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ စည်းမျည်းအသစ်မှာ လိဂ်အတွင်းမှာ အမှတ်အများဆုံးရတဲ့အသင်းက ဒုတိယအကျော့ကို အိမ်ကွင်းမှာ ကန်ရမှာဖြစ်ပါတယ်။ မနေ့ညတုန်းက အိမ်ကွင်းအားက အဆုံးအဖြတ်ဆိုတာ သက်သေပြခဲ့ပြီး အာဆင်နယ်အတွက်တော့ ၅ ရာသီဆက် ဆုဖလားလက်မဲ့ရာသီဖြစ်လာခဲ့ပါတယ်။

“ဒီအသင်းက လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ဘယ်သူမှ ချန်ပိယံလိဂ်ဝင်ခွင့်ရမယ်လို့ မယုံကြည်ခဲ့ကြပါဘူး။ ဒါ့အပြင် ပရီးမီးယားလိဂ်မှာလည်း အဆင့် ၂ နဲ့ရာသီသိမ်းနိုင်မယ်လို့ မထင်ကြပါဘူး။ ပြီးခဲ့တဲ့နှစ်တွေက ကျွန်တော်တို့ရခဲ့တဲ့အမှတ်တွေဆိုရင် ချန်ပီယံဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ အခုရာသီချန်ပီယံလိဂ်မှာဆိုရင်လည်း ထိပ်တန်းအဆင့်စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပါတယ်။

ဒါပေမယ့် အဆုံးသတ်မှာ အရှိရားက ကျွန်တော်တို့ ဆုဖလားလိုအပ်တယ်ဆိုတာ ပြသနေပါတယ်။ စိတ်ပျက်မှုတော့ရှိပေမယ့် ကျွန်တော် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ အဲ့တာကို မျှော်လင့်ပြီးသားပါ။ ကျွန်တော်တို့ တော်တော်လေးကိုမှ နီးစပ်ခဲ့ပါတယ်။ ကျွန်တော်တို့မှာ မရှိသေးတဲ့အရာတွေကို ရှာဖွေပြီး အမှန်တကယ်ဖြစ်လာအောင်လုပ်ရပါမယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။