အက်သလက်တီကိုမက်ဒရစ်အသင်းမှာ ဆက်ရှိဖို့ အတည်မပြုနိုင်သေးတဲ့ အယ်လ်ဗာရက်ဇ်
ချန်ပီယံလိဂ်ပွဲစဉ်မှာ တော့တင်ဟမ်အသင်းကို အနိုင်ရတဲ့ပွဲမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဂျူလီယန် အယ်လ်ဗာရက်ဇ်ဟာ သူရဲ့ အက်သလက်တီကိုမက်ဒရစ်အနာဂတ်အပေါ် သံသယဖြစ်စရာ စကားတွေ ပြောကြားခဲ့ပါတယ်။
မနေ့ညက ကစားခဲ့တဲ့ ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ၅-၂ ဂိုးနဲ့ အနိုင်ရရှိအပြီးမှာ အာဂျင်တီးနားတိုက်စစ်မှူးဟာ ဒီနွေရာသီမှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့မယ်ဆိုတဲ့ ကောလာဟလတွေကို ငြင်းဆိုခြင်းမရှိခဲ့ပါဘူး။ ၂၀၃၀ ခုနှစ် နွေရာသီအထိ စာချုပ်သက်တမ်းရှိနေပေမဲ့လည်း အယ်လ်ဗာရက်ဇ်ဟာ လာမယ့်ရာသီမှာ အက်သလက်တီကိုမှာ ဆက်ရှိမယ်လို့ အာမမခံနိုင်ပါဘူး။
"ကျွန်တော် မသိသေးပါဘူး၊ ရှိရင်လည်း ရှိမယ်၊ မရှိရင်လည်း မရှိဘူးပေါ့။ အခုတော့ ကျွန်တော် ပျော်နေပါတယ်။ တစ်ရက်ချင်းစီအတွက်ပဲ စဉ်းစားနေပါတယ်" လို့ ပွဲအပြီးမှာ သူက ပြောကြားခဲ့ပါတယ်။
အက်သလက်တီကို နည်းပြ ဒီယေဂို ဆီမြွန်နီကလည်း "သူ ပျော်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူ ဂိုးတွေ သွင်းနေတယ်၊ သူ ကစားခဲ့ဖူးတဲ့ ရေးဗားပလိတ်နဲ့ မန်စီးတီး အသင်းတွေကို ကြည့်မယ်ဆိုရင် အက်သလက်တီကိုက သူ ဂိုးအများဆုံး သွင်းထားတဲ့ အသင်းပါ" လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
"သူက စိတ်အားထက်သန်ပြီး အကောင်းမြင်စိတ် ရှိပါတယ်။ သွင်းဂိုးအရေအတွက်နဲ့ ပတ်သက်ရင် ဒီရာသီနဲ့ ပြီးခဲ့တဲ့ ရာသီကြားမှာ သိပ်ပြီး ကွာခြားမှု မရှိပါဘူး" လို့ ဆီမြွန်နီက ဆိုပါတယ်။