အင်္ဂလန်ကပ္ပတိန်အဖြစ် ဟယ်ရီကိန်းဆက်ရှိနေလိမ့်မယ်လို့ အတည်ပြုလိုက်တဲ့ သောမတ်စ်တူချယ်
အင်္ဂလန်နည်းပြအဖြစ် တာဝန်ယူတော့မယ့် သောမတ်စ်တူချယ်က အသင်းခေါင်းဆောင်ရာထူးအတွက် အခြားဘယ်သူ့ကိုမှ ရွေးချယ်စရာမလိုပါဘူးလို့ ပြောဆိုရင်း ဟယ်ရီကိန်းကို ထောက်ခံသွားခဲ့ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)မဲခွဲမှုအခမ်းအနားအပြီး Sky Sports News နဲ့တွေ့ဆုံချိန် တူချယ်က အင်္ဂလန်အသင်းအတွက် သွင်းဂိုးအများဆုံးကစားသမားရဲ့အရေးပါမှုနဲ့ပတ်သက်လို့ သံသယတွေကို ဖယ်ရှားရှင်းလင်းပစ်ခဲ့ပါတယ်။
ဟယ်ရီကိန်းရဲ့အရေးပါမှုကိုဖော်ပြရာမှာ အင်္ဂလန်နည်းပြသစ်က အသင်းခေါင်းဆောင်ရာထူးနဲ့ပတ်သက်လို့ အခုအချိန်မှာ အခြားရွေးချယ်စရာတွေကို ကြည့်ဖို့မလိုသေးပါဘူးလို့ အခိုင်အမာပြောဆိုသွားခဲ့ပါတယ်။ တူချယ်က “အခြားရွေးချယ်စရာတွေကို ကြည့်ရှုသွားဖို့ အခုလောလောဆယ် မလိုအပ်သေးပါဘူး။ ဟယ်ရီကိန်းက လူတိုင်းအတွက် အတူတူပါပဲ။ ကျွန်တော်ကတော့ သူ့ရဲ့ခေါင်းဆောင်မှုအရည်အသွေး၊ စရိုက်လက္ခဏာတွေအတွက် သူ့ကို ချီးကျူးမိပါတယ်။
အဆုံးမှာ ကစားသမားတွေကပဲ သူတို့ဆက်ကစားမလား၊ မကစားဘူးဆိုတာ အဆုံးအဖြတ်ပေးပါတယ်။ အမြဲတမ်းဒီအတိုင်းပဲ ဖြစ်နေခဲ့ပါတယ်။ ဟယ်ရီကိန်းအပါအဝင် ဒီအသင်းကစားသမားတွေရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အရည်အချင်းတွေကို ကျွန်တော် ကြိုက်နှစ်သက်ပါတယ်။ အခုလုပ်ရမယ့်အလုပ်က ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်ရမယ့် အသင်းလူစာရင်းတစ်ခုကို အကောင်းဆုံးရှာဖွေတည်ဆောက်ဖို့ ဖြစ်ပါတယ်။ ဒါမှသာ ဒီအသင်းကို ကြည့်ရှုရချိန် စိတ်အားထက်သန်မှုအပြည့်ပဲဆိုတာ ခံစားမိပါလိမ့်မယ်”လို့ ပြောပါတယ်။
တူချယ်ရဲ့မှတ်ချက်တွေက ဟယ်ရီကိန်းအတွက် ခက်ခဲတဲ့နွေရာသီကာလတစ်ခုအပြီးမှာ ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။ အခုလိုအခက်အခဲတွေရှိခဲ့ပေမယ့် အင်္ဂလန်ကပ္ပတိန်က ယူရို-၂၀၂၄ ပြိုင်ပွဲကြီးမှာ အသင်းအတွက် သုံးဂိုးသွင်းယူပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ရေးလမ်းကြောင်းအတွက် မှော်ဆန်မှုအချို့ကို ဖန်တီးပေးခဲ့ပါတယ်။ သူက ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာလည်း ခရစ္စမတ်ကာလမတိုင်ခင် ဘိုင်ယန်မြူးနစ်အတွက် ဂိုး ၂၀ အထိ သွင်းယူကာ ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။
ဟယ်ရီကိန်းကိုယ်တိုင်လည်း ပြီးခဲ့တဲ့ရာသီ၊ ဘိုင်ယန်မြူးနစ်မှာ ဆက်ဆံရေးကောင်းတစ်ရပ်ထူထောင်နိုင်ခဲ့တဲ့ တူချယ်နဲ့ ပြန်လည်လက်တွဲရလို့ ကျေနပ်အားရနေပါလိမ့်မယ်။ ဂျာမန်သားကို အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြသစ်အဖြစ် ခန့်အပ်လိုက်တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာချိန်မှာပဲ အင်္ဂလန်ကပ္ပတိန်က X လူမှုကွန်ရက်မှတဆင့် “နည်းပြနဲ့ ပြန်လက်တွဲဖို့ စောင့်မျှော်နေပါပြီ”လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ဟယ်ရီကိန်းက တူချယ်ရဲ့လက်အောက်မှာ ပြန်ကစားနိုင်ဖို့ လာမယ့်နှစ်ဆန်းပိုင်းအချိန်အထိ စောင့်ဆိုင်းသွားရပါဦးမယ်။