နည်းပြရဲ့ဆုံးဖြတ်ချက်ကို အတိအကျလိုက်နာဖို့ ဘယ်လင်ဟမ်ဆီ သတိပေးလိုက်တဲ့ တူချယ်
အယ်လ်ဘေးနီးယားကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ပွဲစဉ်အတွင်း လူစားလဲလှယ်ချိန် မကျေမနပ်ဖြစ်နေခဲ့တဲ့ ဘယ်လင်ဟမ်ကို တူချယ်က နည်းပြရဲ့ဆုံးဖြတ်ချက်အတိုင်း အတိအကျလိုက်နာဖို့ သတိပေးခဲ့ပါတယ်။ တီယာနာမှာ ဟယ်ရီကိန်းရဲ့ဒုတိယပိုင်းပွဲချိန်သွင်းဂိုးနှစ်ဂိုးနဲ့အတူ ယူရို-၂၀၂၄ ဒုတိယဆုရှင်က ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်)၊ အုပ်စု(K)မှာ ရှစ်ပွဲကစား၊ ရှစ်ပွဲနိုင်၊ ပေးဂိုးလုံးဝမရှိဘဲ အုပ်စုဗိုလ်အဖြစ် ရပ်တည်ကာ လာမယ့်နှစ်၊ ပြိုင်ပွဲကြီးဆီဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။
ဘယ်လ်ဘေးနီးယားနဲ့ပွဲစဉ်မှာ ဘယ်လင်ဟမ်က ဇွန်လနောက်ပိုင်း၊ ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပွဲထွက်လာခဲ့ပြီး သာမန်ပွဲကစားချိန်ပြီးဆုံးဖို့ ခြောက်မိနစ်အလိုအထိ ပါဝင်ကစားခဲ့ပါတယ်။ သူက အင်္ဂလန်ဘောလုံးပရိသတ်တွေရဲ့ရွေးချယ်တဲ့ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဟယ်ရီကိန်းရဲ့ဒုတိယမြောက်သွင်းဂိုးအပြီး မိနစ်ပိုင်းအကြာမှာပဲ ကွင်းဘေးစည်းအနီး လူစားလဲလှယ်ဖို့ စောင့်ဆိုင်းနေတဲ့ ရိုဂျာစ်ကို မြင်တွေ့လိုက်ပြီးနောက် အသက်-၂၂ နှစ်အရွယ်ကစားသမားက လက်ကိုလေထဲမြှောက်ကာ သူ့ရဲ့စိတ်ပျက်မှု ကို ဖော်ပြခဲ့ပါတယ်။
လူစားလဲလှယ်ချိန် ဘယ်လင်ဟမ်ရဲ့တုံ့ပြန်မှုအကြောင်းမေးမြန်းလာမှု ကို တူချယ်က “ ဒါက ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး ဘယ်လင်ဟမ်ကိုယ်တိုင် မဖြစ်မနေ လက်ခံသွားရပါမယ်။ ကွင်းဘေးစည်းမှာလည်း သူ့ရဲ့သူငယ်ချင်းက စောင့်ဆိုင်းနေပြီလေ။ ဒီဆုံးဖြတ်ချက်ကို လေးစားလိုက်နာပြီး ရှေ့ဆက်သွားရပါမယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။ ဆက်လက်ပြီး လာမယ့်နွေရာသီ၊ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် အသင်းဆီ ဘယ်လင်ဟမ်ကို ပြန်ခေါ်ဖို့ ကြိုးစားမှုနဲ့ အခုလိုတုံ့ပြန်ပုံက ဆန့်ကျင်ဘက်ဖြစ်နေမလားဆိုတဲ့ မေးခွန်းကို တူချယ်က “ ကျွန်တော်ကတော့ အဲ့ဒီလိုမျိုး မမြင်မိပါဘူး။
ကျွန်တော်ကိုယ်တိုင်လည်း ဒါကို ပြန်သုံးသပ်သွားဖို့ လိုအပ်ပြီး သူမပျော်မရွှင်ဖြစ်နေတာကို မြင်တွေ့ခဲ့ပါတယ်။ အခုတော့ ကိစ္စရပ်တွေကို ပိုကြီးမားသွားအောင် မလုပ်ချင်ပါဘူး။ ဘယ်လင်ဟမ်လိုကစားသမားမျိုးက ယှဉ်ပြိုင်လိုစိတ်အရမ်းကြီးမားတာကြောင့် အခုလိုမျိုးအခြေအနေကို ဘယ်တော့မှ ကြိုက်နှစ်သက်မှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ အချင်းချင်းလေးစားကြဖို့နဲ့ စံနှုန်းတွေအကြောင်းပဲ အမြဲပြောပါတယ်။ တစုံတဦးရဲ့လက်ကိုမြှောက်တင်လိုက်ရုံနဲ့တော့ ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်ကို မပြောင်းလဲပစ်နိုင်ပါဘူး” လို့ ထပ်လောင်းဖြေကြားခဲ့ပါတယ်။