The network connection is lost.

Banner Image

ဆုဖလားတွေမျှော်လင့်ဖို့က စောလွန်းနေသေးတယ်လို့ဆိုလာတဲ့ ဖလစ်

ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်က အသင်းဟာ ပြည်တွင်းဆုဖလားလမ်းကြောင်းတွေပေါ်မှာရှိနေသလို၊ ချန်ပီယံလိဂ်မှာလည်း ဘင်ဖီကာကိုကျော်ဖြတ်ပြီး ကွာတားဖိုင်နယ်အဆင့်အထိတက်လှမ်းထားပေမယ့် ဆုဖလားတွေကိုမျှော်လင့်ဖို့က စောလွန်းနေသေးတယ်လို့ ပြောကြားလာခဲ့ပါတယ်။ 

ဘင်ဖီကာကို ၂ ကျော့စလုံးအနိုင်ရခဲ့တဲ့ ဘာစီလိုနာဟာ ပြိုင်ပွဲစုံ ၁၇ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့သလို၊ ထိပ်တန်းခြေစွမ်းကိုလည်း တည်တည်ငြိမ်ငြိမ်ထိန်းသိမ်းထားနိုင်ခဲ့တာဖြစ်ပါတယ်။ အသင်းက လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်နေသလို၊ ကိုပါဒယ်ရေးပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အထိ တက်လှမ်းထားပေမယ့် ဖလစ်ကတော့ လောလောဆယ်မှာ ဆုဖလားတွေကိုမျှော်လင့်ဖို့က စောလွန်းနေတယ်လို့ဆိုပါတယ်။

ဂျာမန်သားနည်းပြက "ကျွန်တော်တို့ အရေးကြီးတာကို အရင်လုပ်ရပါမယ်။ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်ထားဖို့လိုသလို၊ လာမယ့်ပွဲအတွက်လည်း အဆင်သင့်ဖြစ်နေရပါမယ်။ ချန်ပီယံလိဂ်က အခက်ခဲဆုံးပြိုင်ပွဲဖြစ်ပေမယ့် ကျွန်တော်တို့ ဒီဆုဖလားကိုရရှိဖို့ လုံလောက်တဲ့စွမ်းဆောင်ရည်မျိုး ပြသသွားပါမယ်။ ဒါပေမယ့် ပြိုင်ပွဲပြီးဖို့က အဝေးကြီးလိုပါသေးတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဘာစီလိုနာဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ လိုင်လီနဲ့ ဒေါ့မွန်တို့ပွဲစဉ်မှ အနိုင်ရတဲ့အသင်းနဲ့ တွေ့ဆုံသွားမှာဖြစ်ပြီး အဆိုပါ ၂ သင်းဟာ ပထမအကျော့မှာတော့ ၁-၁ နဲ့သရေကျထားခဲ့တာဖြစ်ပါတယ်။ ဘင်ဖီကာကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ ဒုတိယအကျော့ပွဲစဉ်မှာ ဘာစီလိုနာအတွက် ဂိုးတွေကို ပထမပိုင်းမှာပဲ ရာဖင်ဟာက ၂ ဂိုးနဲ့ လာမိုင်းယာမယ်လ်က ၁ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

ဆက်လက်ပြီး ဖလစ်က "ဒီပွဲအတွက် ကျေနပ်ပါတယ်။ ကျွန်တော်တို့ ဘင်ဖီကာကိုလည်း လေးစားပါတယ်။ သူတို့အကောင်းဆုံးယှဉ်ပြိုင်ကစားခဲ့ပြီး ကျွန်တော်တို့အတွက် ခက်ခဲတဲ့ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းအတွက်ဂုဏ်ယူပါတယ်။ ယာမယ်လ်က ဂိုးမသွင်းနိုင်တာ ၁ လကျော်ခဲ့ပါပြီ။ ဒါကြောင့် သူလည်း ဒီနေ့မှာဂိုးသွင်းနိုင်ခဲ့လို့ ကျေနပ်နေမယ်လို့ထင်ပါတယ်။ သူက အသက်ငယ်ပေမယ့် အရမ်းတော်တဲ့ကလေးပါ" လို့ပြောကြားခဲ့ပါတယ်။