ချန်ပီယံလိဂ်ဖလားအတွက် ဘာစီလိုနာတို့ ဘာလိုအပ်နေသလဲဆိုတာ ပွင့်ပွင့်လင်းလင်းပြောပြလာတဲ့ မာတင်ကီယွန်
ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ရေးအခွင့်အလမ်းအတွက် ဘာစီလိုနာအသင်း လိုအပ်နေတဲ့ ကစားသမားသစ်ခေါ်ယူမှုအကြောင်းကို အာဆင်နယ်ဂန္တဝင်မာတင်ကီယွန်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဟန်စီဖလစ်ခ်ရဲ့အသင်းက အခုရာသီ၊ ဥရောပအဆင့်ခြောက်ပွဲကစားပြီးချိန် ၁၀ မှတ်စုဆောင်းထားကာ အတက်အကျများလွန်းတဲ့ ချန်ပီယံလိဂ်ခရီးလမ်းတစ်ခုကို လျှောက်လှမ်းနေပါတယ်။
ပြီးခဲ့တဲ့လအတွင်းမှာတင် ချဲလ်ဆီးရဲ့သုံးဂိုးပြတ်အနိုင်ယူမှု ကို ခံစားခဲ့ရတဲ့ စပိန်ချန်ပီယံတွေက အင်္ဂါနေ့မှာတော့ ဖရန့်ဖတ်ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ကွန်ဒီရဲ့ဒုတိယပိုင်းပွဲချိန်သွင်းဂိုးနှစ်ဂိုးကြောင့် အခုလိုအောင်ပွဲရရှိခဲ့ပေမယ့် ဘာစီလိုနာက ချန်ပီယံလိဂ်အမှတ်ပေးဇယားအဆင့်-၁၄ နေရာမှာသာ ရှိနေပြီး ဗုဒ္ဓဟူးနေ့၊ ချန်ပီယံလိဂ်ပွဲစဉ်တွေအပြီးမှာ အမှတ်ပေးဇယားရပ်တည်မှု ထပ်မံကျဆင်းသွားနိုင်ပါတယ်။
ပြီးခဲ့တဲ့ရာသီ၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့ လက်တစ်ကမ်းအလိုအထိ စွမ်းဆောင်နိုင်ခဲ့တဲ့ ဘာစီလိုနာက အခုရာသီမှာတော့ လာလီဂါချန်ပီယံဆုပြေးလမ်းကို ဦးဆောင်ထားနိုင်ပေမယ့် ယမန်နှစ်ဘောလုံးရာသီနဲ့ တူညီတဲ့စွမ်းဆောင်ရည်မျိုးပြသနိုင်ဖို့ ရုန်းကန်နေရပါတယ်။ မာတင်ကီယွန်ကိုယ်တိုင်ကလည်း ခံစစ်ပိုင်းပိုမိုကျစ်လစ်သန်မာလာဖို့ နောက်တန်းကစားသမားတစ်ဦး မခေါ်ယူဘူးဆိုရင် ချန်ပီယံလိဂ်ဆုဖလားကို ဘာစီလိုနာတို့ မရယူနိုင်ဘူးလို့ ယုံကြည်နေပါတယ်။
ဘာစီလိုနာက ချန်ပီယံလိဂ်ခြောက်ပွဲကစားပြီးချိန်၊ ၁၁ ဂိုးအထိ ခွင့်ပြုပေးထားရပြီး ဟန်စီဖလစ်ခ်ရဲ့ ပြင်းအားမြင့်ဖိအားပေးကစားဟန်ကြောင့် အန္တရာယ်ပေးနိုင်တဲ့ပြိုင်ဘက်တွေနဲ့ရင်ဆိုင်ရချိန် ရလဒ်ပိုင်း အတက်အကျ များပြားခဲ့ပါတယ်။ ဘာစီလိုနာရဲ့တိုက်စစ်ကစားဟန်နဲ့ပတ်သက်လို့ ဂန်းနားဂန္တဝင်မာတင်ကီယွန်က “ အဲ့ဒီလောက်အထိ မလိုအပ်ဘူးလို့ ယုံကြည်မိပါတယ်။ ဒီအသင်းရဲ့ရိုးရာကစားဟန်ဖြစ်တဲ့ ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကစားမှုနဲ့အတူ ပွဲတွေကို ပိုမိုကောင်းမွန်အောင် ထိန်းချုပ်သင့်ပါတယ်။
ဒီညမှာဆိုရင် ဖရန့်ဖတ်တောင် ဘာစီလိုနာဂိုးပေါက်ကို နှစ်ကြိမ်၊ သုံးကြိမ်လောက် ကန်သွင်းနိုင်ခဲ့ပါတယ်။ ဘက်မလိုက်ဘဲကြည့်ရင် အကောင်းဆုံးဖြစ်နိုင်ပေမယ့် ကျွန်တော့်အမြင်အရ ဟန်ချက်ညီမှုအကောင်းဆုံးအသင်းသာ ဒီနှစ်မှာ ချန်ပီယံလိဂ်ချန်ပီယံ ဖြစ်လာမယ်လို့ ထင်ပါတယ်။ ဘာစီလိုနာကိုတော့ ကျွန်တော် မမြင်မိပါဘူး။
အရာအားလုံးက ရှေ့ရောက်လွန်းနေပြီး ပုံမှန်မဟုတ်ဘူးလို့ ထင်ရပေမယ့် ဒါကပဲ ဟန်စီဖလစ်ခ်ရဲ့ကစားဟန် ဖြစ်ပါတယ်။ ရှေ့ရောက်လွန်းနေတဲ့အရာတွေကို ပြန်ချပစ်ရမယ့်အချိန်ဆိုတာ ရှိပေမယ့် သူတို့တွေ မလုပ်ခဲ့ကြပါဘူး။အလောင်းအစားဆန်ဆန်ပြုမူလုပ်ဆောင်နေတယ်လို့တောင် ခံစားမိပါတယ်။
ရှေ့တန်းကစားသမားခြောက်ဦးကို ကြည့်လိုက်ပါဦး၊ ဘောလုံးပါရမီရှင်တွေ အများကြီးပါပဲ။ ဒါပေမဲ့ ခံစစ်ပိုင်းမှာတော့ စိတ်မကောင်းပါဘူး၊ သူတို့တွေ ချန်ပီယံလိဂ်ဖလားရယူချင်ရင် ကစားသမားသစ်တစ်ဦးဦးကို ခေါ်ယူရပါလိမ့်မယ်”လို့ TNT Sports နဲ့ဆွေးနွေးခန်းမှာ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ရော်ဘီဆားဗေ့ချ်က ဖရန့်ဖတ်ကိုကျဉ်းမြောင်းတဲ့ရလဒ်ဖြင့် အနိုင်ယူပြီးနောက် ဘာစီလိုနာရဲ့ ချန်ပီယံလိဂ်ဆုဖလားဆွတ်ခူးနိုင်ခြေနဲ့ပတ်သက်ပြီး မာတင်ကီယွန်ဆီ မေးခွန်းထုတ်ခဲ့ပါတယ်။ မာတင်ကီယွန်က “ သူတို့တွေ ပြီးခဲ့တဲ့ရာသီ၊ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ ရှုံးနိမ့်ခဲ့ပြီး စောင့်ကြည့်ချင်စရာ ကောင်းခဲ့ပါတယ်။ သူတို့ရဲ့ကစားဟန်က တိုက်စစ်ဖွင့်လွန်းပါတယ်။
ကိုယ့်မှာသာ မြန်နှုန်းရှိနေမယ်ဆိုရင် ဒီလိုဘာစီလိုနာအသင်းကို ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ ဒီနည်းပြလက်အောက်မှာတော့ ဒီအချက်ကို ပြောင်းလဲမှာမဟုတ်ပါဘူး။ ဒါက အဓိကအချက် ဖြစ်ပါတယ်။ သူတို့တွေ ချန်ပီယံလိဂ်ဆွတ်ခူးနိုင်မလား? သူတို့မှာ အရမ်းကောင်းတဲ့ကစားသမားတွေရှိနေလို့ ဖြစ်နိုင်ပါတယ်။ ဘာစီလိုနာက ဘယ်ပြိုင်ဘက်မဆို အနိုင်ယူနိုင်ပြီး လာလီဂါမှာလည်း ထိပ်ဆုံးနေရာမှ ဦးဆောင်နေပါတယ်။
ဒါပေမဲ့ သူတို့တွေ ချန်ပီယံလိဂ်ချန်ပီယံဖြစ်လာလိမ့်မယ်လို့ မထင်ပါဘူး။ သူတို့သာ အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ်ဆိုရင် အာဆင်နယ်က သူတို့ကို ဒုက္ခပေးသွားပါလိမ့်မယ်”လို့ ပြောပါတယ်။ ဘာစီလိုနာက ရှုံးထွက်အဆင့်ဆီ တိုက်ရိုက်တက်လှမ်းနိုင်ဖို့ ယှဉ်ပြိုင်နေဆဲဖြစ်ပေမယ့် ဒီရည်မှန်းချက်ပြည့်မြောက်ဖို့ဆိုရင် လက်ကျန်ပွဲစဉ်နှစ်ခုလုံးကို အနိုင်ရရှိဖို့ လိုအပ်လာနိုင်ပါတယ်။ လာလီဂါဘီလူးကြီးက ကိုပင်ဟေဂင်ကို အိမ်ကွင်းမှာဧည့်ခံကစားရမယ့် ချန်ပီယံလိဂ်အုပ်စုအပိတ်ပွဲစဉ်မတိုင်ခင် ဆလားဗီးယားပရာဟာနဲ့ အဝေးကွင်းပွဲစဉ်ကို ဆင်နွှဲရပါမယ်။