The network connection is lost.

Banner Image

လိဒ်နဲ့ပွဲစဉ်မှာ ထက်မြက်မှုပျောက်ဆုံးနေတဲ့ လီဗာပူးကို စိတ်ပျက်ဒေါသထွက်နေတဲ့ အန်းစလော့

လိဒ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်မှာ ထက်မြက်မှုကင်းမဲ့နေတဲ့ စွမ်းဆောင်ရည်မျိုး ပြသပြီးနောက် တစ်ဦးချင်းထူးချွန်မှုရဲ့ထူးရှယ်အခိုက်အတန့်တွေ မပါဝင်ဘူးဆိုရင် ဘောလုံးပိုင်ဆိုင်မှုလွှမ်းမိုးနိုင်ခြင်းဟာ အရေးမကြီးလှဘူးလို့  လီဗာပူးနည်းပြအန်းစလော့က သတ်မှတ်ခဲ့ပါတယ်။ အခုအချိန်မှာ ပရီးမီးယားလိဂ်ချန်ပီယံတွေက ပြိုင်ပွဲစုံ ၁၂ ပွဲကစား၊ ကိုးပွဲရှုံးနိမ့်ခဲ့တဲ့ ကာလတစ်ခုအပြီး ကိုးပွဲဆက်တိုက် မရှုံးနိမ့်အောင် စွမ်းဆောင်ထားနိုင်ပါတယ်။

ဒါပေမဲ့ လီဗာပူးအသင်းရဲ့စွမ်းဆောင်ရည်ပိုင်းက ကံကြမ္မာပိုင်းအပြောင်းအလဲဖြစ်စေမယ့် ရလဒ်မျိုးနဲ့တော့ မကြာခဏဆိုသလို မကိုက်ညီခဲ့ပါဘူး။ အန်ဖီးလ်မှာကစားခဲ့တဲ့ အခုပွဲစဉ်မှာလည်း အန်းစလော့ရဲ့အသင်းက မိုဆာလက်၊ အီဆက်ခ်တို့ မပါဝင်နိုင်ချိန် ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းနီးပါးရှိခဲ့ပေမယ့် အနိုင်ရလဒ်ကိုတော့ မဖန်တီးနိုင်ခဲ့ပါဘူး။

အန်းစလော့က “ ကျွန်တော်တို့အသင်းက ဒီနှစ်၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘောလုံးပိုင်ဆိုင်မှုအများဆုံးအသင်း ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ လုံလောက်တဲ့အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်စွမ်းမရှိဘူးဆိုရင် ဘောလုံးပိုင်ဆိုင်မှုဆိုတာ အဓိပ္ပါယ်မရှိတော့ပါဘူး။ ခံစစ်ပိတ်ဆို့ထားတဲ့ပြိုင်ဘက်နဲ့ရင်ဆိုင်ရချိန် အခွင့်အရေးတွေဖန်တီးဖို့အတွက် အရှိန်အဟုန်နဲ့ တစ်ဦးချင်းထူးရှယ်အခိုက်အတန့်တွေ လိုအပ်ပါတယ်။

ဒါက အခုဘောလုံးရာသီအတွက်ဆိုရင် ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်တဲ့ အသင်းတစ်ခုကိုတော့ ကျွန်တော်တို့ မြင်တွေ့ပြီးပါပြီ။ ဒါပေမဲ့ အဖွင့်ဂိုးရရှိနိုင်ဖို့ဆိုတာ ကျွန်တော်တို့အတွက် ခက်ခဲလွန်းခဲ့ပါတယ်”လို့ ပြောပါတယ်။

အခုပွဲစဉ်သရေတစ်မှတ်ကြောင့် လီဗာပူးက လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်တစ်နေရာစာအတွက် ပြိုင်ဘက်တွေဖြစ်တဲ့ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်တို့ထက် သုံးမှတ်အသာရရှိကာ အမှတ်ပေးဇယားစတုတ္ထနေရာမှာ ရပ်တည်ခဲ့ပါတယ်။ အလားတူ လိဒ်ကလည်း နောက်ဆုံးခြောက်ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းနဲ့အတူ တန်းဆင်းဇုန်အထက်၊ ခုနစ်မှတ်အကွာဖြင့် သက်သောင့်သက်သာရှိနေခဲ့ပါတယ်။