ဝုဗ်နဲ့ဆက်တိုက်ကစားရမယ့် ပွဲစဉ်နှစ်ခုကို ဖလော်ရီယန်ဝစ်ဇ်လွဲချော်မယ်လို့ အန်းစလော့အတည်ပြု
လာမယ့် လီဗာပူးအသင်းရဲ့ပွဲစဉ်နှစ်ခုကို ဒဏ်ရာကြောင့် ဖလော်ရီယန်ဝစ်ဇ် လွဲချော်မယ်လို့ နည်းပြအန်းစလော့က အတည်ပြုပြောကြားလိုက်ပါတယ်။
ဖလော်ရီယန်ဝစ်ဇ်က အခုလအစောပိုင်း၊ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မတိုင်ခင် ကျောရိုးဒဏ်ရာကြောင့် အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့ရပြီး လီဗာပူးရဲ့နောက်ဆုံးပွဲစဉ်နှစ်ခုကိုလည်း လွဲချော်ခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကုန်မှာ အန်းစလော့က ဖလော်ရီယန်ဝစ်ဇ်ပြန်လာမယ့်အချိန်ကို အတိအကျမသိရသေးဘူးလို့ ပြောဆိုခဲ့ပြီး အခုလည်း ကြားရက်ပွဲစဉ်ကို ဂျာမနီလက်ရွေးစင်ကစားသမား ထပ်လွဲဦးမယ်လို့ အတည်ပြုလာခဲ့ပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ကြိုးပမ်းနေတဲ့ လီဗာပူးက အင်္ဂါညမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝုဗ်ရဲ့ကွင်းဆီ သွားရောက်ကစားရပါမယ်။
ဒါဟာ သုံးရက်အတွင်း ဝုဗ်နဲ့ နှစ်ကြိမ်ဆက်ရင်ဆိုင်ရမယ့်ပွဲစဉ်တွေအနက် ပထမဆုံးပွဲစဉ်ဖြစ်ပြီး လာမယ့်သောကြာညပိုင်းမှာတော့ အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်အဖြစ် Molineux ကွင်းမှာပဲ ထပ်မံကစားရပါမယ်။ လီဗာပူးက ပြိုင်ပွဲစုံနောက်ဆုံးလေးပွဲဆက် အနိုင်ရရှိထားပါတယ်။
ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အန်းစလော့က ဖလော်ရီယန်ဝစ်ဇ်ကို ဝုဗ်နဲ့ပွဲစဉ်နှစ်ခုလုံးမှာ မပါဝင်နိုင်ဘူးလို့ အတည်ပြုခဲ့ပေမဲ့ လာမယ့်သီတင်းပတ်၊ ဂါလာတာစာရေးနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အမီ အသက် ၂၂ နှစ်အရွယ်ကစားသမားပြန်လာနိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
တနင်္လာနေ့မနက်ပိုင်း သတင်းစာရှင်းလင်းပွဲမှာ နယ်သာလန်သားနည်းပြက "ပြီးခဲ့တဲ့စနေနေ့ပွဲစဉ်အပြီး ကျွန်တော်ပြောခဲ့တာတွေနဲ့ ဘာမှခြားပါဘူး"
"မနက်ဖြန်ပွဲက သူပြန်လာဖို့ အရမ်းစောနေသေးသလို၊ ဒီတစ်ပတ်ပိတ်ရက်ပွဲမှာလည်း ပါဝင်နိုင်ဖို့ မသေချာသေးပါဘူး။ ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရပါမယ်"
"ဒါပေမဲ့ လာမယ့်သီတင်းပတ်အတွင်းမှာတော့ သူပြန်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီထက် နည်းနည်းစောရင်စော ဒါမှမဟုတ် နည်းနည်းနောက်ကျရင်လည်း ကျနိုင်ပေမဲ့ အဲဒီအချိန်ကာလလောက်မှာ ပြန်လာနိုင်ဖို့ ရှိပါတယ်" လို့ မီဒီယာတွေဆီ ပြောကြားခဲ့ပါတယ်။