The network connection is lost.

Banner Image

ဂရာဗန်ဘတ်ချ်ရဲ့စာချုပ်သစ်ချုပ်ဆိုမှုအပြီး လီဗာပူးနဲ့ စာချုပ်သစ်ကိစ္စ အခြေအနေကို ရှင်းလင်းပြောကြားလာတဲ့ မက်အယ်လစ္စတာ

လီဗာပူးကွင်းလယ်လူမက်အယ်လစ္စတာက စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေစတင်ဖို့ လောလောဆယ်မှာ အလျှင်လိုနေတာမျိုးမရှိသေးဘူးလို့ ပြောကြားလိုက်ပါတယ်။

လက်ရှိမှာ အာဂျင်တီးနားကွင်းလယ်ကစားသမားက လီဗာပူးနဲ့ ၂၀၂၈ ခုနှစ် နွေရာသီအထိသက်တမ်းရှိတဲ့ ရေရှည်စာချုပ်တစ်ရပ် ချုပ်ဆိုထားပါတယ်။

လီဗာပူးအသင်းကလည်း အပြောင်းအလဲကာလတစ်ခုကို ဖြတ်သန်းနေရပြီး အခုရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကာကွယ်ဖို့ မဖြစ်နိုင်တော့လို့ လာမယ့်လတွေအတွင်း ကစားသမားအင်အားဖြည့်တင်းမှုတွေ ထပ်မံပြုလုပ်လာဖို့ ရှိနေပါတယ်။


ကွင်းလယ်ကစားသမားဂရာဗန်ဘတ်ချ်ကတော့ အခုသီတင်းပတ်အစောပိုင်းမှာပဲ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ပေမဲ့ မက်အယ်လစ္စတာကတော့ စာချုပ်သစ်ကိစ္စနဲ့ပတ်သက်ပြီး သူ့ဆီ လာရောက်ကမ်းလှမ်းတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။

"ကျွန်တော်တို့ စာချုပ်သစ်အတွက် ဆွေးနွေးနေတာမျိုး မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ အလောတကြီး မဖြစ်ပါဘူး။ ဒါက တကယ့်အရှိတရားပါပဲ" လို့ ၎င်းက ရှင်းပြခဲ့ပါတယ်။

ဆက်လက်ပြီး အန်ဖီးလ်မှာ ဂရာဗန်ဘတ်ချ်ဆက်ရှိနေမယ့်အပေါ် " ဂရာဗန်ဘတ်ချ်အတွက် တကယ်ကောင်းတဲ့ကိစ္စဖြစ်သလို သူနဲ့လည်း ထိုက်တန်လို့ သူ့ကို ဂုဏ်ပြုချင်ပါတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်ဖလားရရှိခဲ့တဲ့ရာသီမှာ သူက အသင်းအတွက် တကယ်ကို အရေးပါတဲ့ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ဖို့ဆိုတာ တကယ်မလွယ်ကူပါဘူး။ သူ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

ဂရာဗန်ဘတ်ချ်ရဲ့စာချုပ်သစ်သက်တမ်း ဘယ်လောက်အထိရှိမလဲဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။

မက်အယ်လစ္စတာကတော့ အုပ်စုအဆင့်ပွဲစဉ်မှာ လီဗာပူးကို အနိုင်ယူပြီး အခက်တွေ့အောင်လုပ်ခဲ့ဖူးတဲ့ ဂါလာတာစာရေးအသင်းနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်အတွက် အစ္စတန်ဘူလ်မြို့ဆီ ရောက်ရှိနေချိန် အခုလို ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်၊ လီဗာပူးအသင်း ချန်ပီယံလိဂ်ဖလားရရှိခဲ့ချိန် အသင်းမှာ မက်အယ်လစ္စတာ မရှိသေးပါဘူး။ ဒါကြောင့်လည်း သူက အခုဘောလုံးရာသီမှာ ဥရောပရဲ့ဂုဏ်သိက္ခာအကြီးမားဆုံးဆုဖလားကြီးကို ကိုင်မြှောက်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

"အခုချိန်မှာ ဒါက ကျွန်တော့်ရဲ့ အိပ်မက်ပါပဲ။ ဒီနှစ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲလည်း ရှိနေတော့ ဆုဖလားနှစ်ခုလုံးကို ဘာလို့မယူနိုင်ရမှာလဲ။ ဒါပေမဲ့ ချန်ပီယံလိဂ်ဖလားကတော့ ဒီရာသီအတွက် အရေးကြီးတဲ့ပစ်မှတ်ပါ" လို့ ချန်ပီယံလိဂ် အောင်မြင်မှုနဲ့ပတ်သက်ပြီး အာဂျင်တီးနားကွင်းလယ်လူက ပြောကြားခဲ့ပါတယ်။