ယူရိုဖလားနဲ့ လွဲချော်ခဲ့ပေမယ့် အင်္ဂလန်ဟာ လမ်းကြောင်းမှန်ပေါ်မှာရှိနေတယ်လို့ ဆိုလာတဲ့ ဆာကာ
အင်္ဂလန်တောင်ပံကစားသမား ဘူကာယိုဆာကာက အသင်းဟာ ယူရိုဗိုလ်လုပွဲမှာ စပိန်ကို ရှုံးနိမ့်ပြီး ဆုဖလားနဲ့ လွဲချော်ခဲ့ပေမယ့် လမ်းကြောင်းမှန်ပေါ်မှာရှိနေတာကြောင့် အနာဂတ်မှာ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်မယ်လို့ယုံကြည်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ၂၀၂၀ ယူရိုဗိုလ်လုပွဲမှာ အီတလီကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ၂၀၂၄ ယူရိုဗိုလ်လုပွဲမှာ စပိန်ကို ၂-၁ နဲ့ ထပ်မံရှုံးနိမ့်ခဲ့တာကြောင့် အင်္ဂလန်အနေနဲ့ ထပ်ဆင့်အသည်းကွဲခဲ့ရတာဖြစ်သော်လည်း ဆာကာကတော့ အသင်းရဲ့အခြေအနေကို အကောင်းမြင်နေဆဲဖြစ်ပါတယ်။
အင်စတာဂရမ်မှတစ်ဆင့် အသက်-၂၂ နှစ်အရွယ် ကစားသမားက “ကျွန်တော်အခု ခံစားနေရတာတွေကို စကားလုံးတွေနဲ့ထုတ်ပြောဖို့ ခက်ပါတယ်။ ကျွန်တော်တို့ကို ပြိုင်ပွဲတစ်လျှောက် အားပေးခဲ့တဲ့ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ သူတို့က ဂျာမနီအထိ လိုက်ပါလာပြီး ကျွန်တော်တို့သွားခဲ့တဲ့နေရာတိုင်းကို ချစ်ခြင်းမေတ္တာတွေနဲ့ လွှမ်းခြုံပေးခဲ့ပါတယ်။ ဒီလိုနိုင်ငံမှာ ဒီလိုအသင်းနဲ့အတူ ကစားခွင့်ရတာထက် ပိုကောင်းတဲ့အရာမရှိပါဘူး။ ကျွန်တော်တို့ဟာ လမ်းကြောင်းမှန်ပေါ်မှာရှိနေဆဲဖြစ်တယ်လို့ ယုံကြည်ပြီး ဒီအတိုင်းပဲ ရှေ့ဆက်သွားဦးမှာပါ။ အားလုံးနဲ့ မကြာခင်ပြန်တွေ့ကြပါမယ်” လို့ ရေးသားမျှဝေခဲ့ပါတယ်။
အခုချိန်မှာတော့ အသင်းရဲ့မန်နေဂျာဂါရတ်ဆောက်ဂိတ်က ရာထူးကနေ နုတ်ထွက်သွားခဲ့ပြီဖြစ်တာကြောင့် အင်္ဂလန်အနေနဲ့ နည်းပြသစ်ကို ခန့်အပ်ဖို့လိုအပ်နေပြီဖြစ်ပါတယ်။ ဆာကာဟာ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အတွက် အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နိုင်ခဲ့ပြီး လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာလည်း နည်းပြသစ်နဲ့အတူ အောင်မြင်မှုဆွတ်ခူးနိုင်ဖို့ အသင်းအတွက် ဆက်လက်ပါဝင်သွားဖွယ်ရှိနေပါတယ်။
လောလောဆယ်မှာတော့ ဆောက်ဂိတ်ရဲ့နေရာကို ဆက်ခံဖို့အလားအလာရှိနေတဲ့ နည်းပြတွေထဲမှာ ချဲလ်ဆီးနည်းပြဟောင်း ဂရေဟမ်ပေါ်တာ၊ နယူးကာဆယ်နည်းပြ အက်ဒီဟိုဝီတို့ ထိပ်ဆုံးကနေ ရေပန်းစားနေပါတယ်။ ယူရိုပြိုင်ပွဲအပြီး ခေတ္တအနားရနေတဲ့ ဆာကာအနေနဲ့ ရာသီကြိုခြေစမ်းပွဲတွေအတွက် လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ အာဆင်နယ်နဲ့ပူးပေါင်းသွားတော့မှာ ဖြစ်ပါတယ်။