
ဆိုးဝါးတဲ့ရာသီအတွက် ယူနိုက်တက်ပရိသတ်တွေကို အာမိုရင်တောင်းပန်
တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၄-၂၅ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်မှာ အက်စတွန်ဗီလာကို ၂-၀ နဲ့အနိုင်ရခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင် ဆိုးဝါးတဲ့ရာသီအတွက် အသင်းရဲ့ပရိသတ်တွေကို တောင်းပန်စကားဆိုလာခဲ့ပါတယ်။
နောက်ဆုံးပွဲစဉ်မှာ အက်စတွန်ဗီလာကို ၂-၀ နဲ့အနိုင်ရခဲ့ပေမယ့် ယူနိုက်တက်ဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပြီး အသင်းရဲ့ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အညံ့ဖျင်းဆုံး ရပ်တည်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
ယခုပွဲစဉ်မှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာမယ်လို့ သတင်းကြီးနေတဲ့ တောင်ပံကစားသမား ဂါနာချိုတစ်ယောက် အရန်ကစားသမားအဖြစ်ပင်ပါဝင်ခွင့်မရဘဲ လူစားရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာလည်း အရန်ကစားသမားအဖြစ်သာပါဝင်ခဲ့ရလို့ မကျေမနပ်ဖြစ်နေတဲ့ ဂါနာချိုကို အာမိုရင်အနေနဲ့ နောက်ရာသီမှာ ဆက်လက် လက်တွဲဖို့အလားအလာမရှိဘူးလို့ဆိုပါတယ်။
ဂါနာချိုကို လူစာရင်းမှချန်လှပ်ခဲ့ခြင်းနဲ့ပတ်သက်ပြီး အာမိုရင်က "ဂါနာချိုက မန်ချက်စတာယူနိုက်တက်ကစားသမားတစ်ယောက်ပါ။ ဒီနေ့မှာတော့ လူစာရင်းမှာမပါခဲ့ပါဘူး။ လူစာရင်းကိုအပြောင်းအလဲ ပြုလုပ်သွားမှာလည်းမဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အက်စတွန်ဗီလာနဲ့ပွဲစဉ်က ဂါနာချိုရဲ့ ယူနိုက်တက်ကစားသမားဘဝ နောက်ဆုံးပွဲစဉ်ဖြစ်လာနိုင်မလားဆိုတဲ့ မေးခွန်းကို ပေါ်တူဂီသားနည်းပြက "ဂါနာချိုက လောလောဆယ်မှာ ယူနိုက်တက်အသင်းသားတစ်ဦးပါပဲ။ ဒါပေမယ့် အနာဂတ်မှာဘာတွေဖြစ်လာမလဲတော့ ကျွန်တော်မသိပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ညံ့ဖျင်းတဲ့ရာသီနဲ့ကြုံတွေ့ခဲ့ရလို့ ယူနိုက်တက်ပရိသတ်တွေကို တောင်းပန်ကြောင်း အာမိုရင်က "ဒီရာသီအတွက် ပရိသတ်တွေကို တောင်းပန်ချင်ပါတယ်။ အသင်းနဲ့ ကျွန်တော့်အပေါ်မှာ စိတ်ပျက်နေကြမယ်ဆိုတာ သိပါတယ်။ ပြီးတော့ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အသင်းက ညံ့ဖျင်းခဲ့ပေမယ့် ပရိသတ်တွေရဲ့အားပေးမှုက လျော့ကျသွားခြင်းမရှိပါဘူး"
"ကျွန်တော်တို့ ခက်ခဲတဲ့ပွဲတွေနဲ့ အများကြီးတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် အခုတော့ ကျွန်တော်တို့ ရွေးချယ်မှုတွေ ပြုလုပ်သွားရပါမယ်။ ဒီရာသီက ပြီးသွားခဲ့ပါပြီ။ နောက်ရာသီအတွက် ရှေ့ဆက်နိုင်ဖို့ စည်းစည်းလုံးလုံးရှိနေရပါမယ်။ လွန်ခဲ့တဲ့ ၆ လအကြာက ကျွန်တော့်ရဲ့ပထမဆုံး ၃ ပွဲမှာ ၂ ပွဲနိုင်ပြီး ၁ ပွဲ သရေကျခဲ့ပါတယ်။ အဲဒီတုန်းက မုန်တိုင်းလာနေပြီလို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဒီနေ့မှာ ညံ့ဖျင်းတဲ့ရာသီအပြီးမှာတော့ ကျွန်တော်ပြောချင်တာက ကောင်းမွန်တဲ့နေ့ရက်တွေ လာနေပြီဆိုတာပါပဲ" လို့ပြောကြားခဲ့ပါတယ်။