The network connection is lost.

Banner Image

ရိုဆင်နီယာနဲ့ပတ်သက်လို့ အံ့အားသင့်စရာဆုံးဖြတ်ချက်တစ်ခု ချမှတ်ဖို့ရှိနေတဲ့ ချဲလ်ဆီး

မန်ချက်စတာယူနိုက်တက်နဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်မတိုင်ခင် ချဲလ်ဆီးနည်းပြရိုဆင်နီယာရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အသင်းဘုတ်အဖွဲ့က အံ့အားသင့်စရာ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ဖို့ ရှိနေပါတယ်။

ချဲလ်ဆီးအသင်းကို တာဝန်ယူခဲ့တာ သုံးလလောက် ရှိပြီဖြစ်တဲ့ ရိုဆင်နီယာဟာ အချိန်တိုအတွင်းမှာ အသင်းရဲ့ရလဒ်တွေကို ကောင်းမွန်အောင် မစွမ်းဆောင်ပေးနိုင်သေးဘဲ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက်လည်း ရုန်းကန်နေရပါတယ်။

လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ချဲလ်ဆီးက အဆင့် ၅ နေရာရှိ လီဗာပူးနဲ့ လေးမှတ်အကွာမှာ ရှိနေပြီး အခြေအနေတွေသာ အကောင်းဆုံးဖြစ်လာရင် ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်သလို ၂၀၁၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အက်ဖ်အေဖလားကိုလည်း ရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ 

The Express သတင်းဌာနရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးအကြီးအကဲတွေက ရိုဆင်နီယာအပေါ် ယုံကြည်မှုရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ရင်တောင် သူ့ကို နည်းပြရာထူးမှာ ဆက်ထားဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

လက်ကျန်လိဂ်ပွဲစဉ်ခြောက်ခုသာကျန်တော့ချိန် ရိုဆင်နီယာရဲ့အသင်းက အဲဗာတန်နဲ့ ဘရန့်ဖို့ဒ်တို့နဲ့ တစ်မှတ်အကွာ၊ ဘရိုက်တန်နဲ့ ဆန်းဒါးလန်းတို့နဲ့ နှစ်မှတ်အကွာမှာ ရှိနေလို့ ဖိအားတွေရှိနေပေမဲ့ ဘုတ်အဖွဲ့ကတော့ သူ့ကို ဆက်လက်ယုံကြည်သွားမယ့်ပုံပေါ်ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ မန်စီးတီးကို သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့မှုကြောင့် ငွေကြေးအမြောက်အမြား အသုံးပြုထားပေမဲ့ ဇယားအလယ်မှာပဲ ရှိနေသေးတဲ့ ချယ်လ်ဆီးအတွက် နောက်ထပ် မျက်နှာပျက်စရာအရှုံးတစ်ခု ဖြစ်ခဲ့ပါတယ်။

အဲ့ဒီပွဲစဉ်အပြီး ရိုဆင်နီယာက ချဲလ်ဆီးမှာ "ထူးခြားတဲ့အရာတစ်ခု" တည်ဆောက်နိုင်ဖို့ အချိန်ပေးစေချင်တယ်လို့ ပြောကြားခဲ့ပြီး သူ့ကို နောက်ရာသီမှာလည်း လန်ဒန်အခြေစိုက်ကလပ်အသင်းရဲ့နည်းပြအဖြစ် ဆက်မြင်ရဖို့ များပါတယ်။

ချဲလ်ဆီးက ပြိုင်ပွဲစုံနောက်ဆုံးခြောက်ပွဲမှာ ငါးပွဲအထိ ရှုံးနိမ့်ခဲ့လို့ ပရိသတ်တွေ စိတ်ပျက်နေကြပေမဲ့ အခုသီတင်းပတ်၊ မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်မှာ ဘယ်လိုရလဒ်မျိုး ထွက်ပေါ်လာပါစေ၊ ရိုဆင်နီယာရဲ့ရာထူးကို မထိခိုက်စေနိုင်ဘူးလို့ သိရပါတယ်။