မန်စီးတီးကြယ်ပွင့်ချာကီနဲ့ပတ်သက်လို့ အမြင်ကိုထုတ်ဖော်လာတဲ့ အာဆင်နယ်နည်းပြအာတီတာ
ကာရာဘောင်ဖလားဗိုလ်လုပွဲမှာ အကွက်ဆန်းတွေထုတ်ပြခဲ့တဲ့ ချာကီနဲ့ပတ်သက်လို့ သူ့မှာ ဘာပြဿနာမှမရှိဘူးလို့ အာဆင်နယ်နည်းပြအာတီတာက အခိုင်အမာ ပြောကြားလိုက်ပါတယ်။
ဝင်ဘလေကွင်းမှာ မန်စီးတီးတို့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း ချာကီရဲ့အပြုအမူတွေကြောင့် အာဆင်နယ်ကစားသမားတွေနဲ့ ပရိသတ်တွေ ဒေါသအိုးပေါက်ကွဲခဲ့ကြပါတယ်။
ဒါပေမဲ့ လာမယ့်တနင်္ဂနွေနေ့၊ မန်စီးတီးကွင်းဆီ သွားရောက်ကစားရမယ့် ပွဲစဉ်မတိုင်ခင် အာတီတာက "မရှိပါဘူး၊ ကစားသမားတိုင်းမှာ ကိုယ့်ကိုကိုယ် ဖော်ပြတဲ့ပုံစံ အသီးသီး ရှိကြတာပဲလေ၊ ဒါကို ကျွန်တော်တို့ လေးစားရပါမယ်"
"ဒါက ဘောလုံးလောကရဲ့အစိတ်အပိုင်းတစ်ခုပါ၊ ဒီလိုလုပ်ဖို့လည်း ခွင့်ပြုထားတာပဲလေ။ ကိုယ်လိုချင်တဲ့ပုံစံအတိုင်း တုံ့ပြန်လို့ရပေမဲ့ ကစားသမားတစ်ဦးအတွက် ဒီလိုလုပ်ပိုင်ခွင့်ရှိတာကြောင့် သူ့ကို လေးစားမှုပေးရမယ်လို့ ကျွန်တော် ထင်ပါတယ်" လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီ၊ မန်စီးတီးတိုက်စစ်မှူးဟာလန်းရဲ့"နှိမ့်ချတတ်ဖို့ (be humble)" အပြန်အလှန်ပြောဆိုခဲ့ကြမှုနဲ့ပတ်သက်လို့လည်း အာတီတာက ဘာပြဿနာမှ မရှိဘူးလို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။
"ကွင်းထဲမှာ ပြောခဲ့သမျှ အရာအားလုံးကိုသာ လိုက်ပြောနေရမယ်ဆိုရင် ကျွန်တော်တို့ အစည်းအဝေးတွေ အကြီးအကျယ်လုပ်နေရပါလိမ့်မယ်" လို့ အာတီတာက ပြောပါတယ်။
အဲဒီလို အပြန်အလှန်ပြောဆိုခဲ့တာဟာ ထူးခြားနေသလိုပဲလို့ မေးမြန်းတဲ့အခါမှာတော့ အာတီတာက "မဟုတ်ပါဘူး၊ အဲဒီလောက်ကြီးလည်း မဟုတ်ပါဘူး။ စိတ်မပူပါနဲ့။ ဘောလုံးလောကမှာ မိုက်ကရိုဖုန်းတွေ ဘယ်တော့ သုံးလာမလဲတော့ မသိဘူး၊ ဒါပေမဲ့ အဲဒါက ခင်ဗျားတို့ကြားရမယ့် အကောင်းဆုံးအရာတွေထဲက တစ်ခုဖြစ်လာပါလိမ့်မယ်" လို့ ဖြေကြားသွားခဲ့ပါတယ်။