The network connection is lost.

Banner Image

နွေရာသီတုန်းက မန်စီးတီးရဲ့ ကြီးမားတဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တဲ့ ရိုဒရီဂို

ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ရိုဒရီဂိုဟာ ပြီးခဲ့တဲ့နွေရာသီအတွင်း ဆန်တီယာဂိုဘာနေဗျူးမှာ ကိုယ်ရေးကိုယ်တာပြဿနာတွေရှိခဲ့တာကြောင့် အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းကြီးခဲ့သလို ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးရဲ့ ကြီးမားတဲ့ကမ်းလှမ်းမှုကိုလည်း လက်ခံရရှိခဲ့ပေမယ့် ငြင်းပယ်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်မှာပဲ ဆက်လက်နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာ ရိုဒရီဂိုဟာ ရီးရဲလ်မက်ဒရစ်အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားနိုင်ခဲ့ကာ ၁၈ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၉ ကြိမ်ပြုလုပ်ခဲ့ပြီး လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ ဗင်နီစီးယက်စ်ဒဏ်ရာရရှိပြီး ဂျုဒ်ဘယ်လင်ဟမ် ပုံမှန်ဂိုးသွင်းနိုင်ဖို့ ရုန်းကန်နေရချိန်မှာ ရိုဒရီဂိုဟာ အသင်းအတွက် အရေးပါတဲ့အခန်းကဏ္ဍကို ဖြည့်ဆည်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။ 

ကစားသမားဟာ သူ့ရဲ့စိတ်ကြိုက်နေရာဖြစ်တဲ့ တောင်ပံနေရာမှာ ကစားခွင့်မရခဲ့ဘဲ နည်းပြကြီး ကားလို့စ်အန်ဆယ်လော့တီရဲ့ ညွှန်ကြားမှုအတိုင်း ဗဟိုတိုက်စစ်မှူးနေရာမှာ တစ်ခါတစ်ရံကစားခဲ့ရပေမယ့် တာဝန်ကျေမှုကို ပြသခဲ့ပြီးသွင်းဂိုးတွေလည်း ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ရိုဒရီဂိုဟာ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်တွေဖြစ်တဲ့ ဗင်နီစီးယက်စ်နဲ့ ဘယ်လင်ဟမ်တို့လောက် တောက်ပနိုင်ခဲ့ခြင်းမရှိဘဲ ပရိသတ်တွေအမြင်မှာလည်း ဒုတိယဦးစားပေးရွေးချယ်မှုသာ ဖြစ်နေခဲ့ပါတယ်။ 

ဒါကြောင့် ကစားသမားအနေနဲ့ ကိုယ်ရေးကိုယ်တာပြဿနာအချို့နဲ့ကြုံတွေ့ခဲ့ရပြီး ကြိုးစားသလောက် အသိအမှတ်ပြုခံရခြင်းမရှိတာကြောင့် စိတ်ပျက်မှုတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။ နွေရာသီမှာတော့ မန်စီးတီးက ရိုဒရီဂိုကိုခေါ်ယူဖို့ မြင့်မားတဲ့လစာအပါအဝင် မက်လောက်စရာကမ်းလှမ်းချက်တွေနဲ့ ဆွဲဆောင်ခဲ့ပေမယ့် ဘရာဇီးသားဟာ ဘာနေဗျူးမှာပဲ အောင်မြင်မှုရှာဖွေဖို့ စိတ်အားထက်သန်တာကြောင့် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ကလည်း ကစားသမားကို အသင်းရဲ့ ကာလရှည်အစီအစဉ်တွေထဲမှာ ထည့်သွင်းထားတာကြောင့် အသင်းကနေရောင်းချဖို့ ဆန္ဒမရှိခဲ့ပါဘူး။ 

ယခု ၂၀၂၄-၂၅ ရာသီအရောက်မှာလည်း ရိုဒရီဂိုဟာ သူ့ရဲ့တန်ဖိုးကို ထပ်မံသက်သေပြသထားနိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်အတွက် အရေးပါတဲ့အခန်းကဏ္ဍကနေ ကစားပေးထားနိုင်တာဖြစ်ပါတယ်။ ကြွက်သားဒဏ်ရာပြဿနာတွေကနေ လွတ်မြောက်လာခဲ့ပြီဖြစ်တဲ့ ဘရာဇီးသားဟာ ပါချူကာကိုအနိုင်ရခဲ့တဲ့ တိုက်ကြီးများဖလားပြိုင်ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့သလို ဆီဗီလာကိုအနိုင်ရခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွက် နောက်ဆုံးပွဲစဉ်မှာလည်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် အန်ဆယ်လော့တီအနေနဲ့ ကစားသမားအပေါ်မှာ ယုံကြည်မှုပြန်လည်ရရှိနေပြီး အသင်းမှာ ပုံမှန်အတိုင်းနေရာပေးသွားဖို့ ဆန္ဒရှိနေတယ်လို့သိရပါတယ်။ 

ဆောင်းရာသီအားလပ်ရက်နဲ့အတူ အနားရနေတဲ့ ရီးရဲလ်မက်ဒရစ်ဟာ လာမယ့်နှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာ‌တော့ လာလီဂါပွဲစဉ်အဖြစ် ဗလန်စီယာနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။