ရာထူးကနေထုတ်ပယ်ခံရမယ်လို့ သတင်းတွေထွက်နေပေမယ့် ကစားသမားတွေရဲ့ထောက်ခံမှုကိုရရှိထားကြောင်း အလွန်ဆိုပြော
ရီးရဲလ်မက်ဒရစ်နည်းပြဇာဘီအလွန်ဆိုက ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်ချက်စတာစီးတီးကို ၁-၂ နဲ့အရေးနိမ့်ခဲ့တာကြောင့် ရာထူးကနေနုတ်ထွက်ဖို့ ပရိသတ်တွေရဲ့ဖိအားပေးမှုတွေရှိလာပေမယ့် သူကတော့ ကစားသမားတွေရဲ့ထောက်ခံမှုတွေရရှိနေတယ်လို့ခံစားရကြောင်း ပြောကြားလာခဲ့ပါတယ်။
အဆိုပါချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီမှာပဲ စပိန်မီဒီယာတချို့က အလွန်ဆိုအနေနဲ့ မန်စီးတီးကိုရှုံးနိမ့်ပါက ရီးရဲလ်မက်ဒရစ်နည်းပြရာထူးမှ ထုတ်ပယ်ခံရနိုင်တယ်လို့ ထင်ကြေးပေးထားကြပြီး ပရိသတ်တွေကလည်း စပိန်သားနည်းပြကို ကွင်းအတွင်း အော်ဟစ်လှောင်ပြောင်ခဲ့ကြပါတယ်။
ယခုအခါ ရီးရဲလ်မက်ဒရစ်ဟာ ပြိုင်ပွဲစုံနောက်ဆုံး ၈ ပွဲမှာ ၂ ပွဲသာအနိုင်ရရှိထားပေမယ့် အလွန်ဆိုကတော့ အသင်းရဲ့ကစားသမားတွေ သူ့ဘက်မှာရှိနေကြောင်းကို "ကျွန်တော်ကတော့ ကစားသမားတွေရဲ့ထောက်ခံမှုကို အပြည့်အဝခံစားရပါတယ်။ ကျွန်တော်တို့နေ့ရက်တိုင်း လေ့ကျင့်ရေးကွင်းမှာ အတူတူရှိနေကြပြီး ပွဲတွေအတွက် ပြင်ဆင်နေကြပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးအလွန်ဆိုက အသင်းအနေနဲ့ ၂ ပွဲဆက်အရေးနိမ့်ခဲ့ပေမယ့် ကစားသမားတွေထံမှ ဒီထက်ပိုပြီးတောင်းဆိုစရာမရှိတော့ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။ စပိန်သားနည်းပြက "ကစားသမားတွေက နောက်ဆုံးအချိန်အထိ အသင်းအတွက်ပေးဆပ်နေကြပါတယ်။ ဒါကြောင့် သူတို့ကိုအပြစ်ပြောစရာမရှိပါဘူး။ သူတို့ရဲ့ကြိုးစားမှုအတွက် နေ့တိုင်းကျေးဇူးတင်နေပါတယ်။ ကျွန်တော်တို့ဆက်ပြီးကြိုးစားရပါမယ်"
"ရလဒ်တွေက ကျွန်တော်တို့လိုချင်တဲ့အတိုင်းဖြစ်မလာပါဘူး။ ဒီအတွက် ကိုယ့်ကိုယ်ကိုယ်ပြန်ပြီးတော့ဝေဖန်ရပါမယ်။ ဒီအရာတွေကိုကျော်လွှားနိုင်မယ်လို့လည်းယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ အသင်းမှာ မကျော်လွှားနိုင်တဲ့အရာဆိုတာမရှိပါဘူး။ ကျွန်တော်တို့ ဒီထက်ပိုကောင်းအောင်လုပ်သွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
မကြာသေးမီက ရီးရဲလ်မက်ဒရစ်ကစားသမားတွေဟာ နည်းပြအလွန်ဆိုနဲ့ ဆက်ဆံရေးပျက်ပြားနေကြောင်း သတင်းတွေထွက်ပေါ်ထားပေမယ့် ယခုအခါမှာ အလွန်ဆိုအပေါ် အားပေးထောက်ခံတဲ့အရိပ်အယောင်တွေပြသလာခဲ့ပါတယ်။
ယခုမန်စီးတီးနဲ့ပွဲစဉ်မှာအဖွင့်ဂိုးသွင်းယူခဲ့တဲ့ တောင်ပံကစားသမားရိုဒရီဂိုဟာ ဂိုးသွင်းယူပြီးနောက် အလွန်ဆိုကို ပြေးဖက်အောင်ပွဲခံခဲ့ပါတယ်။ ပွဲအပြီးမှာလည်း ကစားသမားက "လောလောဆယ်အချိန်က ကျွန်တော့်အတွက်ရော၊ နည်းပြအတွက်ပါခက်ခဲတဲ့အခိုက်အတန့်ပါ။ အရာရာက အဆင်မပြေဖြစ်နေပါတယ်။ ကျွန်တော်တို့ နည်းပြဘက်မှာရှိနေတယ်ဆိုတာ လူတွေကိုပြသချင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။