The network connection is lost.

Banner Image

လိုချင်တဲ့ပုံစံအတိုင်း ကစားနိုင်ခဲ့တယ်လို့ ပြောဆိုရင်း စူပါဖလားအောင်ပွဲကို ဂုဏ်ယူနေတဲ့ ဟန်စီဖလစ်ခ်

စပိန်စူပါဖလားဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်ကို ၃-၂ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ သူ့အသင်းကို မြင်တွေ့ရပြီးနောက် ဘာစီလိုနာနည်းပြဟန်စီဖလစ်ခ် ဂုဏ်ယူဝင့်ကြွားခဲ့ပါတယ်။ ရာဖင်ဟာ(နှစ်ဂိုး)နဲ့ လီဝန်ဒေါစကီးတို့ရဲ့သွင်းဂိုးတွေကြောင့် ကတ္တလန်ဘီလူးကြီးအတွက် အောင်ပွဲတစ်ခု ထိုက်ထိုက်တန်တန်ပေါ်ပေါက်လာပြီး ဟန်စီဖလစ်ခ်ကိုယ်တိုင်လည်း ဗိုလ်လုပွဲမှတ်တမ်းကောင်းပိုင်ဆိုင်ထားမှုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ပွဲစဉ်အပြီး သတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန် ဟန်စီဖလစ်ခ်က သူမြင်တွေ့ချင်တဲ့ကစားပုံအတိုင်း အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့လို့ ဂုဏ်ယူမိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဟန်စီဖလစ်ခ်က “ အရမ်းကောင်းပါတယ်။ အလွန်အရေးကြီးတဲ့ဖိုင်နယ်ပွဲစဉ်တစ်ခုပါ။ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရချိန်တိုင်း အရမ်းကောင်းမွန်ခဲ့ပါတယ်။ ကျွန်တော် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့လိုချင်တဲ့ပုံစံအတိုင်း ကစားနိုင်ခဲ့ပါတယ်။

အဝတ်လဲခန်းဆီ ကျွန်တော်မရောက်သေးပါဘူး။ ကစားသမားတွေတော့ အောင်ပွဲခံနေပါပြီ။ သူတို့ကခုန်နေတာကို ကျွန်တော် မြင်တွေ့ခဲ့ပါတယ်။ အရမ်းဂုဏ်ယူမိပါတယ်။ ဘောလုံးပိုင်ဆိုင်မှုရယူပြီး ပွဲကိုထိန်းချုပ်ကာ အရမ်းကောင်းအောင် ကစားခဲ့ပါတယ်။ အဆုံးမှာတော့ အသင်းတစ်ခုလုံးက ကျွန်တော်တို့ပုံစံအတိုင်း ကစားနိုင်ခဲ့ပါတယ်။ မလွယ်ကူတဲ့ပွဲစဉ်တစ်ခုမှာ အသင်းတစ်ခုအဖြစ် ကျွန်တော်တို့ တိုက်ပွဲဝင်ခဲ့ပါတယ်။ အထင်ကြီးစရာပါပဲ”လို့ ပြောပါတယ်။

ဆက်လက်ပြီး ဟန်စီဖလစ်ခ်က နောက်ထပ်ပုံစံကောင်းတစ်ခုထုတ်ပြခဲ့တဲ့ ရာဖင်ဟာကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ဂျာမန်လူမျိုးနည်းပြက “ ရာဖင်ဟာရဲ့စိတ်ဓါတ်ပိုင်းဟာ အထင်ကြီးစရာကောင်းပြီး ကျွန်တော်တို့မှာ သူ့လိုကစားသမားမျိုးတွေ ရှိပါတယ်။ ရာဖင်ဟာက အသင်းတစ်ခုလုံးအပေါ် လွှမ်းမိုးနိုင်စွမ်း ရှိပါတယ်။

ပထမဆုံးအခွင့်အရေးကို သူလွဲချော်ခဲ့ပေမယ့် ဒုတိယအကြိမ်မှာတော့ အကောင်းဆုံးအသုံးချခဲ့ပါတယ်။ ဒါက ကျွန်တော်တို့အတွက် ယုံကြည်မှုတွေ ပေးစွမ်းပါတယ်။ ခင်ဗျားတို့မြင်တွေ့ကြသလိုပဲ ကျွန်တော်တို့မှာ ဖိအားတွေ အများကြီးရှိပါတယ်”လို့ ပြောပါတယ်။

ဟန်စီဖလစ်ခ်က ဘာစီလိုနာနည်းပြအဖြစ် ဆုဖလားလေးလုံးအထိ အနိုင်ရရှိထားပြီး ၂၀၂၅-၂၀၂၆ ဘောလုံးရာသီရဲ့ ဒုတိယပိုင်းမှာ နောက်ထပ်ဆုဖလားအောင်မြင်မှုတွေရှာဖွေဖို့ ကြိုးစားသွားပါလိမ့်မယ်။