The network connection is lost.

Banner Image

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဆန်းတို့စ်နဲ့ စာချုပ်သက်တမ်းတိုးမြှင့်ခဲ့တဲ့ နေမာ

မကြာသေးမီကာလတွေမှာ ဒဏ်ရာပြဿနာတွေ ရှိခဲ့ပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲပါဝင်ဆင်နွှဲဖို့ ဆန္ဒရှိနေတဲ့ နေမာက ဆန်းတို့စ်နဲ့ ၂၀၂၆ ခုနှစ်ကုန်ပိုင်းအထိ စာချုပ်သက်တမ်းတိုးမြှင့်မှုကို သဘောတူလက်ခံခဲ့တယ်လို့ ဘရာဇီးပြည်တွင်းကလပ်အသင်းမှ အင်္ဂါနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အသက်-၃၃ နှစ်အရွယ်တိုက်စစ်မှူးက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှာ ငယ်ဘဝကလပ်အသင်းဖြစ်တဲ့ ဆန်းတို့စ်ဆီ ပြန်လည်ရောက်ရှိလာပြီး ရာသီပိတ်နောက်ဆုံးငါးပွဲမှာ ငါးဂိုးသွင်းယူခြင်းဖြင့် ဘရာဇီးထိပ်တန်းလိဂ်မှာ ရှင်သန်ရပ်တည်နိုင်ရေးအတွက် အဓိကအခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ခဲ့ပါတယ်။

ဘရာဇီးကလပ်အသင်းရဲ့ဆိုရှယ်မီဒီယာစာမျက်နှာမှတဆင့် နေမာက “ ဆန်းတို့စ်ဆိုတာ ကျွန်တော့်ရဲ့ဇာတိ ဖြစ်သလို အခု ကျွန်တော် အိမ်ပြန်ရောက်နေပါပြီ။ ကျွန်တော့်ရဲ့ပျောက်ဆုံးနေတဲ့အိပ်မက်တွေကို ခင်ဗျားတို့နဲ့အတူ အကောင်အထည်ဖော်ချင်ပါတယ်”လို့ ဆန်းတို့စ်ပရိသတ်တွေဆီ ရည်ညွှန်းကာ ပြောကြားခဲ့ပါတယ်။

ဒဏ်ရာပြဿနာတွေနဲ့ကာလရှည်ရုန်းကန်ခဲ့ရတဲ့ နေမာက ပြီးခဲ့တဲ့လအတွင်း ဒူးအဆစ်ခွဲစိတ်ကုသမှုကို အောင်အောင်မြင်မြင်ခံယူခဲ့ပါတယ်။ ဘရာဇီးလက်ရွေးစင်အသင်းသမိုင်းတလျှောက်သွင်းဂိုးအများဆုံးကစားသမား၊ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးဟောင်းက ၂၀၂၃ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားချန်ပီယံဆုငါးကြိမ်ရှင်တွေရဲ့လူစာရင်းမှာ မပါဝင်နိုင်ခဲ့ပါဘူး။

နည်းပြအန်ဆယ်လော့တီကတော့ လက်ရွေးစင်အသင်းမှာပါဝင်နိုင်ဖို့ ရာနှုန်းပြည့်ကြံ့ခိုင်မှုရှိရမယ်လို့ အောက်တိုဘာလအတွင်း ပြောကြားခဲ့ပါတယ်။ ဘရာဇီးက အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့မှာကျင်းပမယ့် ပြိုင်ပွဲကြီးအတွက် အုပ်စု(C)မှာ စကော့တလန်၊ မော်ရိုကို၊ ဟေတီတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။