The network connection is lost.

Banner Image

ပိုလန်နဲ့ရင်ဆိုင်ရမယ့် ပွဲကြီးပွဲကောင်းအတွက် အကောင်းဆုံးလူစာရင်းကို ထုတ်သုံးသွားမယ့် ဂရေဟမ်ပေါ်တာ

ဆွီဒင်အသင်းအတွက် အုပ်စုဗိုလ်နေရာနဲ့အတူ လိဂ်(A) ဆီ တိုက်ရိုက်တန်းတက်ခွင့် ရရှိထားပေမဲ့ ရိုကလော့ဗ်မြို့မှာ ပိုလန်နဲ့ရင်ဆိုင်ရမယ့် ဥရောပနေးရှင်းလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်အတွက် အကောင်းဆုံးလူစာရင်းကို အသုံးပြုသွားမယ်လို့ နည်းပြဂရေဟမ်ပေါ်တာက ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာ ၁၄ ရက်၊ ဘော့စနီးယား-ဟာဇီဂိုဗီးနားရဲ့အကြိတ်အနယ်ယှဉ်ပြိုင်ကစားမှုကို တောင့်ခံပြီး ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့လို့ ပိုလန်နဲ့ပွဲစဉ်မတိုင်ခင် အုပ်စုပထမနေရာ သေချာသွားခဲ့ပေမဲ့ အင်္ဂလိပ်လူမျိုးနည်းပြကတော့ သူ့အသင်းကို အရှိန်လျှော့ကစားစေဖို့ မရည်ရွယ်ထားပါဘူး။

ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပေါ်တာက "ကျွန်တော်တို့က ဆွီဒင်အတွက် ကစားနေခြင်းဖြစ်ပြီး အနိုင်ရချင်ပါတယ်။ အဲဒီလိုစိတ်ဓာတ်မျိုး ရှိနေဖို့ အရေးကြီးပါတယ်" လို့ ပြောပါတယ်။

ပြိုင်ဘက်ပိုလန်ကတော့ ဂုဏ်သိက္ခာအတွက်တင်မက လိဂ်(B) မှာ ဆက်လက်ရပ်တည်ခွင့် သေချာစေဖို့အတွက် အနိုင်ရလဒ် လိုအပ်နေပါတယ်။ သရေ သို့မဟုတ် ရှုံးနိမ့်မယ်ဆိုရင် ရိုမေးနီးယားအတွက် အုပ်စုတတိယနေရာရရှိဖို့ အခွင့်အရေးရှိသွားပြီး ပိုလန်ကို B/C တန်းဆင်း play-off ကစားရမယ့် အခြေအနေဆီ တွန်းပို့သွားပါလိမ့်မယ်။ ဘော့စနီးယားက ပိုလန်ထက် လေးမှတ် အသာရရှိထားလို့ ပိုလန်အတွက် တန်းတက်ခွင့်ရရှိဖို့ အခွင့်အလမ်း လုံး၀မရှိတော့ပါဘူး။

ပိုလန်ကို အခက်တွေ့အောင် သူ့ရဲ့အသင်း လုပ်ဆောင်နိုင်တယ်လို့ ပေါ်တာက ယုံကြည်နေပြီး ပွဲစကတည်းကဖြစ်စေ၊ အရန်ခုံမှဖြစ်စေ အပြောင်းအလဲ ဖန်တီးပေးနိုင်မယ့် ကစားသမားတွေကို ရွေးချယ်သွားဖို့ လိုလားနေပါတယ်။

"အနိုင်ရဖို့ အကောင်းဆုံး အခွင့်အရေး ပေးနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ရတဲ့ အသင်းကို ပွဲထုတ်ချင်ပါတယ်။ အဲဒါကတော့ ပွဲထွက်ကစားသမားစာရင်းမှာရော လူစားဝင်လာမယ့်သူတွေမှာပါ မှန်ကန်တဲ့ ကစားသမားတွေကို ရွေးချယ်ပြီး ရှိနေတဲ့ လူစာရင်းကို အသုံးချဖို့ပါပဲ။ ကစားသမားတွေအပေါ် ကျွန်တော်တို့ အများကြီး ယုံကြည်မှု ရှိပါတယ်" လို့ ပေါ်တာက ဆိုပါတယ်။

အုပ်စု(B4) မှာ ဆွီဒင်ရဲ့ငါးပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းက ပေါ်တာလက်ထက် တစ်နှစ်တာကာလအတွင်း အကောင်းဆုံးစံချိန်ဖြစ်ရုံသာမက ၂၀၂၄-၂၀၂၅ နေးရှင်းလိဂ်ပြိုင်ပွဲ၊ လိဂ် (C) အုပ်စုပွဲစဉ်အားလုံး ရှုံးပွဲမရှိဖြတ်သန်းပြီးနောက် သူတို့ရဲ့ အရှည်ကြာဆုံး ရှုံးပွဲမရှိ စံချိန်လည်း ဖြစ်ပါတယ်။

ပွဲအရေအတွက်နည်းပါးချိန် အရှိန်အဟုန်ကောင်းကို ထိန်းသိမ်းထားဖို့လည်း ပေါ်တာရဲ့ အတွေးထဲမှာ ရှိနေပြီး "လက်ရွေးစင်အသင်းမှာ ပွဲတွေ အများကြီး မရှိပါဘူး။ ဒါက လက်တွေ့ပါပဲ။ မတ်လအထိ ကျွန်တော်တို့ ပြန်တွေ့ကြဖို့ မရှိလို့ ပွဲတိုင်းက ကျွန်တော်တို့အတွက် အရေးကြီးပါတယ်" လို့ ပြောပါတယ်။

ဆွီဒင်ကစားသမားတွေထဲမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့တဲ့ နိုင်ဂရင် တစ်ဦးတည်းသာ ကြံ့ခိုင်မှုဆိုင်ရာစိုးရိမ်မှု ရှိနေပြီး ကူလူဆက်ဗ်စကီးကတော့ ဘော့စနီးယားနဲ့ပွဲစဉ်မှာလိုပဲ မိနစ် ၃၀ ထက်မပိုတဲ့ ပွဲကစားချိန်ကို ရရှိသွားနိုင်ပါတယ်။

ပိုလန်ဘက်မှာတော့ မာတီကတ်ရှ်နဲ့ ဇီလင်စကီးတို့ ပါဝင်နိုင်ဖို့ မသေချာသလို ကီဝီအော်လည်း ဒဏ်ရာကြောင့် လွဲချော်ဖို့ရှိနေပါတယ်။