ဘောလုံးလောကကို ထိခိုက်ပျက်စီးဖို့ ရီးရဲလ်မက်ဒရစ် လိုလားနေတယ်လို့ ဘာစီလိုနာဥက္ကဋ္ဌလာပေါ်တာ ပြောကြား
ဘာစီလိုနာဥက္ကဋ္ဌဂျိုအန်လာပေါ်တာက ရီးရဲလ်မက်ဒရစ်အသင်းကို ဘောလုံးလောက ထိခိုက်ပျက်စီးအောင် လုပ်ဆောင်ဖို့ ကြိုးပမ်းနေတယ်လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။
စပိန်ဒိုင်လူကြီးကော်မတီတာဝန်ရှိသူဟောင်း ဟိုဆေးမာရီယာအင်းနရစ်နီဂရဲရာဆီ ဘာစီလိုနာရဲ့ငွေပေးချေမှုတွေနဲ့ပတ်သက်လို့ စာမျက်နှာ ၅၀,၀၀၀ ပါဝင်တဲ့ အထောက်အထား စာရွက်စာတမ်းတွဲကြီးကို ရီးရဲလ်မက်ဒရစ်က ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) ဆီ ပေးပို့ခဲ့ပြီးနောက် နီဂရဲရားအမှုလည်း အခုလအတွင်း နောက်တစ်ကြိမ်ပြန်လည်ပေါက်ကွဲလာခဲ့ပါတယ်။
လတ်တလောမှာ ရီးရဲလ်မက်ဒရစ်က ၂၀၀၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အကြား ဘာစီလိုနာဆွတ်ခူးခဲ့တဲ့ လာလီဂါချန်ပီယံဆု ကိုးခုကို ရုပ်သိမ်းပေးဖို့ အပါအဝင် အားကစားဆိုင်ရာပြစ်ဒဏ်တွေ ချမှတ်ပေးသွားဖို့ တောင်းဆိုထားပါတယ်။ ဒီအမှုက ရီးရဲလ်မက်ဒရစ် အသည်းအသန်စုံစမ်းစစ်ဆေးဖို့ လိုလားနေတဲ့ ဘာစီလိုနာရဲ့ ယူရို ၇ ဒဿမ ၃ သန်း (ပေါင် ၆ ဒဿမ ၅ သန်း) ပေးချေမှုအပေါ် အခြေခံထားပါတယ်။
ဘာစီလိုနာကတော့ ဒီအမှုကို ပြန်လည်ဖွင့်လှစ်ဖို့ UEFA မှာ ဆန္ဒမရှိဘူးလို့ အခိုင်အမာ ပြောကြားထားပါတယ်။ ဒါ့အပြင် စပိန်ဘီလူးကြီးက ဒီစုံစမ်းစစ်ဆေးမှုကို ၂၀၂၃ ခုနှစ်မှာ စတင်ခဲ့လို့ အဲ့ဒီအချိန်ကတည်းက စုံစမ်းစစ်ဆေးမှု စတင်ထားဆဲအခြေအနေသာ ဖြစ်ပြီး အမှားအယွင်းတစုံတရာကျူးလွန်ထားခြင်းမရှိဘူးလို့ ကြေညာထားပါတယ်။
အခုတော့ လာပေါ်တာလည်း သူ့အသင်းကို ကာကွယ်ရင်း ဘောလုံးလောကကို ဖျက်စီးဖို့ ကြိုးပမ်းနေတယ်လို့ သူယုံကြည်ထားတဲ့ ခါးသီးပြိုင်ဘက်ကြီးရီးရဲလ်မက်ဒရစ်ကို ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။
လာပေါ်တာက "ရီးရဲလ်မက်ဒရစ်ကိုယ်တိုင် ဘာစီလိုနာပုံရိပ် ထိခိုက်စေဖို့နဲ့ ဂုဏ်သိက္ခာ ကျဆင်းစေဖို့ ကြိုးပမ်းရင်း ကျွန်တော်တို့ကို အပြင်းအထန်မရပ်မနား စွပ်စွဲနေခဲ့ပါတယ်"
"ဒါပေမဲ့ ပြဿနာမီးတောက်ကို ဆက်လက်အသက်ဝင်နေစေဖို့ သူတို့ဘက်က အကျဉ်းချုပ် အချက်အလက်တွေကို ဘယ်လောက်ပဲ ထပ်တိုးချဲ့ပါစေ သူတို့ကိုယ်တိုင်ပဲ ပြန်လည် ပြင်ဆင်ပေးရပါလိမ့်မယ်။ သူတို့က ဘာစီလိုနာရဲ့ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ်ဖို့ ကြိုးစားနေကြပေမဲ့ ဒါကို ရိုးရိုးသားသားလုပ်နေတာ မဟုတ်ဘဲ ဘောလုံးလောကကို ထိခိုက်ပျက်စီးစေချင်လို့ လုပ်နေတာလို့ ကျွန်တော် ထင်ပါတယ်" လို့ သူက ပြောပါတယ်။
ဘာစီလိုနာကတော့ ဒီငွေပေးချေမှုတွေဟာ ဒိုင်လူကြီးများဆိုင်ရာ နည်းပညာအစီရင်ခံစာတွေ၊ အကြံဉာဏ်တွေနဲ့ သုံးသပ်ချက်တွေအတွက်သာ ဖြစ်တယ်လို့ ခုခံချေပထားပါတယ်။ ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်ကတော့ ဒါဟာ အကျိုးစီးပွားဆိုင်ရာပဋိပက္ခဖြစ်စေပြီး အကြီးအကျယ်အကျင့်ပျက်ခြစားမှုတွေဆီ ဦးတည်သွားစေနိုင်တယ်လို့ ထောက်ပြငြင်းခုံနေပါတယ်။
ပြီးခဲ့တဲ့မေလအတွင်း ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌပီရက်ဇ်က "ကျွန်တော်တို့ရဲ့အမှတ်ပေးချန်ပီယံဆုဖလား ၇ လုံး လုယူခံလိုက်ရတယ်" လို့ ပြောကြားရင်း ဒီအမှုအတွက် UEFA ဆီ တင်သွင်းဖို့ အထောက်အထားတွေ စုဆောင်းနေတယ်လို့ ဖွင့်ဟခဲ့ဖူးပါတယ်။