ယူနိုက်တက်လူငယ်ကြယ်ပွင့်ဂျေဂျေဂါဘရီရယ်လ်နဲ့ ချိတ်ဆက်နေတဲ့ သတင်းတွေကို ဘာစီလိုနာအားကစားဒါရိုက်တာဒေကို ရှင်းလင်း
ဘာစီလိုနာအားကစားဒါရိုက်တာဒေကိုက မန်ချက်စတာယူနိုက်တက်လူငယ်ကစားသမား ဂျေဂျေဂါဘရီရယ်လ်နဲ့ ချိတ်ဆက်နေတဲ့ သတင်းတွေကို ပွင့်ပွင့်လင်းလင်းတုံ့ပြန်လာပါတယ်။
သတင်းတွေအရ အသက် ၁၅ နှစ်အရွယ် ဂါဘရီရယ်လ်က ဆာဘတ်ကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပွဲကစားချိန်မရရှိလို့ စိတ်ပျက်ခဲ့ပြီး အသင်းနဲ့ချုပ်ဆိုထားတဲ့ လက်ရှိစာချုပ်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခြင်းဖြင့် အိုးထရက်ဖို့ဒ်ကို တုန်လှုပ်သွားစေခဲ့တယ်လို့ သိရပါတယ်။
ဒီတောင်းဆိုမှုနဲ့ပတ်သက်လို့ ယူနိုက်တက်ရဲ့တရားဝင်တုံ့ပြန်ချက် မရှိသေးပေမဲ့ ရာသီကုန်၊ စာချုပ်သက်တမ်းပြည့်မြောက်ချိန် ဂါဘရီရယ်လ်ကိုယ်တိုင် အသင်းမှထွက်ခွာသွားဖို့ သေချာသလောက် ဖြစ်နေပါတယ်။
လတ်တလောထွက်ပေါ်လာတဲ့ သတင်းတွေအရ ဒီလူငယ်တိုက်စစ်မှူးက ကတ္တလန်ဒေသခံကလပ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ဘာစီလိုနာမြို့ဆီ ရောက်ရှိနေခဲ့တယ်လို့ သိရပါတယ်။
Mundo Deportivo ၏ ဖော်ပြချက်မှာတော့ ဒေကိုက ဒီပါရမီရှင်လူငယ်လေးနဲ့ ဘာစီလိုနာတို့အကြား ချိတ်ဆက်နေတဲ့ သတင်းတွေကို လျှော့ပေါ့ပြောဆိုခဲ့ပါတယ်။
ဒေကိုက "ဒီကောင်လေးနဲ့ ပတ်သက်ပြီး ပြောစရာ ဘာမှမရှိပါဘူး။ ကစားသမားတချို့နဲ့ ကျွန်တော်တို့အသင်း သတင်းထွက်ပေါ်လေ့ရှိတာက သဘာဝပါပဲ။ သူ့ရဲ့ အခြေအနေနဲ့ ပတ်သက်လို့တော့ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ ကျွန်တော် မသိပါဘူး။
ဒါ ကျွန်တော်တို့ ပါဝင်ပတ်သက်နေတဲ့ကိစ္စ မဟုတ်ပါဘူး။ လူငယ်ကစားသမားတွေနဲ့ပတ်သက်လို့ တစ်ခုခုမလုပ်ခင် သို့မဟုတ် မပြောခင်မှာ အခြေအနေအားလုံးကို အရင်ဆုံး နားလည်သဘောပေါက်ထားဖို့ လိုအပ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
လတ်တလောမှာ ဂျေဂျေဂါဘရီရယ်လ်ကို ဘာစီလိုနာသာမက ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီ၊ အာဆင်နယ်၊ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်နဲ့ ချဲလ်ဆီးတို့လည်း စိတ်ဝင်စားနေကြပါတယ်။