The network connection is lost.

Banner Image

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခွာရပြီးနောက် အသင်းရဲ့ကစားသမားတွေကို ဂွါဒီယိုလာဝေဖန်

ကလပ်ကမ္ဘာ့ဖလား ရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်မှာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်ကို မိနစ် ၁၂၀ အထိကစားကာ ၃-၄ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာဟာ အသင်းသားတွေရဲ့ အဆုံးသတ်စွမ်းရည်ကို ဝေဖန်ပြောဆိုလာခဲ့ပါယ်။ ယခုပွဲစဉ်မှာ မန်စီးတီးက ပွဲအစ ၉ မိနစ်မှာပဲ ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားရဲ့ဂိုးနဲ့ စတင်ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းအစမှာ အယ်လ်ဟီလယ်အတွက် လီယိုနာဒိုက ပြန်လည်ချေပခဲ့ပါတယ်။ ဆက်တိုက်ဆိုသလိုပဲ အယ်လ်ဟီလယ်အတွက်ဦးဆောင်ဂိုးကို ၅၂ မိနစ်မှာ မယ်လ်ကွန်မ်က ထပ်မံသွင်းယူခဲ့ပြီး ၅၅ မိနစ်မှာ ဟာလန်းက မန်စီးတီးအတွက် ပြန်လည်ချေပခဲ့ပါတယ်။ 

ပွဲကစားချိန် မိနစ် ၉၀ အတွင်း ၂-၂ နဲ့သရေကျနေခဲ့တာကြောင့် အချိန်ပိုမိနစ် ၃၀ ကစားရာမှာ‌တော့ အယ်လ်ဟီလယ်က ၂ ဂိုးထပ်သွင်းနိုင်ခဲ့ပြီး မန်စီးတီးက ၁ ဂိုးသာထပ်ရခဲ့တာကြောင့် ၃-၄ နဲ့ပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအနေနဲ့ တိုက်စစ်ပိုင်းမှာ အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပေမယ့် အယ်လ်ဟီလယ်နောက်တန်းနဲ့ ဂိုးသမား ဘူနူတို့ကိုကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိလို့ ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရပြီဖြစ်ပါတယ်။ 

ပွဲအပြီးမှာ ဂွါဒီယိုလာက "ဒီပြိုင်ပွဲရဲ့အဆင့်အတန်းက ကမ္ဘာ့ဖလားလိုပါပဲ။ ကျွန်တော်နောင်တရတဲ့ တစ်ခုတည်းသောအရာကတော့ ပြိုင်ဘက်တွေကို မျှော်လင့်ထားတာထက် ပိုပြီးတော့ ပြေးခွင့်ပြုမိတာပါပဲ" "အယ်လ်ဟီလယ်က ခံစစ်ကို ကျစ်ကျစ်လစ်လစ်ကစားခဲ့ပြီး တောင်ပံကစားသမားကောင်းတွေပိုင်ဆိုင်ထားပါတယ်။ ကျွန်တော်တို့ဘက်ကလည်း အခွင့်အရေးတွေရခဲ့ပေမယ့် သူတို့ဂိုးသမားက အတော်လေးလက်စွမ်းပြခဲ့လို့ ဂိုးသွင်းဖို့ရုန်းကန်ခဲ့ရပါတယ်။ ဒီလိုပြိုင်ပွဲမှာဂိုးသွင်းဖို့ဆိုရင် အခွင့်အရေးကို အမိအရအသုံးချနိုင်ဖို့လိုပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ယခုနိုင်ပွဲကြောင့် အယ်လ်ဟီလယ်ကတော့ ကွာတားဖိုင်နယ်အဆင့်မှာ ဘရာဇီးလ်ကလပ် ဖလူမင်နန့်စ်နဲ့ ထိပ်တိုက်တွေ့ဆုံသွားတော့မှာဖြစ်ပြီး ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးကတော့ အိမ်ပြန်ရတော့မှာဖြစ်ပါတယ်။ ဆက်လက်ပြီး ဂွါဒီယိုလာက "ပြိုင်ပွဲကို ၄ နှစ် ၁ ခါပဲကျင်းပတော့မှာဖြစ်လို့ နောက်ထပ်တစ်ကြိမ်ဒီကိုပြန်လာနိုင်ဖို့ မလွယ်ကူပါဘူး။ ဒါပေမယ့် အသင်းကလမ်းကြောင်းမှန်ပေါ်မှာရှိနေတယ်လို့တော့ ခံစားရပါတယ်။ အခုတော့ အိမ်ပြန်အနားယူပြီး နောက်ရာသီအသစ်အတွက် အားမွေးသွားပါမယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။