အာဆင်နယ်နဲ့ ကစားရမယ့် ပွဲစဉ်မတိုင်ခင် မန်စီးတီးကြယ်ပွင့် ဘာနာဒိုဆေးလ်ဗား ၂ ပွဲပယ်ပြစ်ဒဏ်နဲ့ နီးစပ်နေ
မန်ချက်စတာစီးတီး အသင်းရဲ့ ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားဟာ အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့် အရေးကြီးပွဲစဉ်မတိုင်ခင် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရဖို့ နီးစပ်နေပါတယ်။
ပြီးခဲ့တဲ့ အပတ်က နယူးကာဆယ်နဲ့ ပွဲစဉ်မှာ ဆေးလ်ဗားဟာ အဝါကတ် တစ်ခါ ပြခံထားရလျက်နဲ့ ဒန်ဘန်းကို ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ခဲ့ပေမဲ့ ပွဲပယ်ပြစ်ဒဏ် မရရှိခဲ့တာကြောင့် ကံကောင်းတယ်လို့ အချို့က ယူဆနေကြပါတယ်။
အဆိုပါ ပေါ်တူဂီ လက်ရွေးစင် ကစားသမားဟာ အနီကတ်အပြခံရမယ့် အခြေအနေကနေ လွတ်မြောက်ခဲ့ပြီး မန်စီးတီးကလည်း အဲဒီပွဲကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါကြောင့် အမှတ်ပေးဇယားထိပ်မှာ ၅ မှတ်ဖြတ်ထားတဲ့ အာဆင်နယ်ကို ဆက်လက်ဖိအားပေးပြီး ပရီးမီးယားလိဂ် ချန်ပီယံမျှော်လင့်ချက်ကို ဆက်ထိန်းထားနိုင်ခဲ့တာပါ။
ဒါပေမဲ့ ဆေးလ်ဗားဟာ ဒုတိယအဝါကတ်ကနေ လွတ်မြောက်ခဲ့တယ်ဆိုပေမဲ့ လာမယ့် လိဂ်ပွဲ ၅ ပွဲအတွင်း အဝါကတ် ၂ ကတ် ထပ်ရခဲ့မယ်ဆိုရင်တော့ ၂ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရမှာ ဖြစ်ပါတယ်။
ဒါဟာ ပရီးမီးယားလိဂ်ရဲ့ စည်းမျဉ်းအရ အသင်းတစ်သင်းက ၃၂ ပွဲ မကစားရသေးခင်မှာ ကစားသမားတစ်ယောက်ဟာ အဝါကတ် ၁၀ ကတ်အထိ ရရှိခဲ့မယ်ဆိုရင် ၂ ပွဲ အလိုအလျောက် ပွဲပယ်ခံရမှာ ဖြစ်လို့ပါ။
မန်စီးတီးဟာ လာမယ့် ၅ ပွဲမှာ လိဒ်ယူနိုက်တက်၊ နော်တင်ဟမ်ဖောရက်စ်၊ ဝက်စ်ဟမ်း၊ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့နဲ့ ကစားရမှာဖြစ်ပြီး ဆေးလ်ဗားအနေနဲ့ သတိမထားဘူးဆိုရင် အာဆင်နယ်နဲ့ပွဲကို လွဲချော်သွားနိုင်ပါတယ်။
ဒါပေမဲ့လည်း ဆေးလ်ဗားဟာ လိဒ်နဲ့ ဖောရက်စ်ပွဲတွေမှာ အဝါကတ်ပြခံရပြီး ဝက်စ်ဟမ်းနဲ့ ချဲလ်ဆီးပွဲတွေမှာ ၂ ပွဲပယ်ပြစ်ဒဏ် ကျခံလိုက်မယ်ဆိုရင်တော့ အာဆင်နယ်နဲ့ပွဲမှာ ပြစ်ဒဏ်တွေကင်းရှင်းပြီး ပြန်လည် ပါဝင်နိုင်မှာ ဖြစ်ပါတယ်။
သူ့ရဲ့ စည်းကမ်းပိုင်း မှတ်တမ်းတွေ ဘယ်လိုပဲရှိရှိ အက်သလက်တီကို မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်အသင်းတွေက ဆေးလ်ဗားကို စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။ နည်းပြ ဂွါဒီယိုလာကိုယ်တိုင်လည်း အသင်းကနေ ထွက်ခွာသွားနိုင်တဲ့ အခြေအနေမှာ ဆေးလ်ဗားဟာ နည်းပြရဲ့လက်အောက်မှာ နှစ်အတော်ကြာ ကစားပြီးနောက် အခုလာမယ့် နွေရာသီမှာ အသင်းပြောင်းဖို့ စီစဉ်နေတာပဲ ဖြစ်ပါတယ်။