
ဘာနာဒိုဆေးလ်ဗားရဲ့ခြေစွမ်းကြောင့် မက်ဆီနဲ့ မာရက်ဇ်တို့ကို သတိရမိတယ်လို့ဆိုလာတဲ့ ဂွါဒီယိုလာ
မန်ချက်စတာစီးတီးနည်းပြပက်ဂွါဒီယိုလာက ဗုဒ္ဓဟူးနေ့နံနက်က ဗီလာရီးရဲလ်ကိုအနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအတွက် ဒုတိယအနိုင်ဂိုးကိုသွင်းယူပေးခဲ့တဲ့ အသင်းခေါင်းဆောင် ဘာနာဒိုဆေးလ်ဗားရဲ့ခြေစွမ်းကို ချီးကျူးခဲ့ပြီး ပေါ်တူဂီသားကြောင့် လီယွန်နယ်မက်ဆီနဲ့ ရီယက်ဒ်မာရက်ဇ်တို့ကို သတိရမိကြောင်း ပြောကြားလာခဲ့ပါတယ်။
မန်စီးတီးအနေနဲ့ အဆိုပါပွဲစဉ်မှာ ပထမပိုင်း ပွဲကစားချိန် ၁၇ မိနစ်မှာပဲ တိုက်စစ်မှူး အာလင်းဟာလန်းရဲ့သွင်းဂိုးနဲ့ ဗီလာရီးရဲလ်ကို စတင်ဦးဆောင်နိုင်ခဲ့ပြီး ပထမပိုင်းပြီးကာနီးမှာ ဘာနာဒိုဆေးလ်ဗားက အနိုင်သေချာစေမယ့်ဂိုးကိုခေါင်းတိုက်သွင်းယူခဲ့တာကြောင့် စပိန်မြေမှာ အနိုင် ၃ မှတ်ကိုဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ အသင်းခေါင်းဆောင် ဆေးလ်ဗားရဲ့ နည်းစနစ်ပိုင်းကျွမ်းကျင်မှုနဲ့ ဘောလုံးဉာဏ်ရည်ထက်မြက်မှုကို ဂွါဒီယိုလာက ချီးကျူးလာခဲ့ပါတယ်။ စပိန်သားနည်းပြက "ဘာနာဒိုဆေးလ်ဗားက အရမ်းလှတဲ့ခေါင်းတိုက်ဂိုးကိုသွင်းယူခဲ့ပါတယ်။ သူ့ကြောင့် သပ်ရပ်တဲ့အဆုံးသတ်ပုံကြောင့် မာရက်ဇ်ကိုသတိရမိပြီး မက်ဆီကိုပြန်မြင်နေရသလိုလည်း ခံစားလိုက်ရပါတယ်။ မာရက်ဇ်နဲ့မက်ဆီတို့က ခေါင်းကို ချိုးချင်သလိုချိုးလို့ရတဲ့ ကစားသမားတွေပါ။ သူတို့က လူကောင်သေးပေမယ့် ခေါင်းတိုက်စွမ်းရည်နဲ့ ချိန်သားကိုက်ဂိုးသွင်းယူမှုတွေမှာတော့ မယုံနိုင်လောက်အောင် တော်ကြပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဆေးလ်ဗားဟာ မန်စီးတီးရဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ကြောင်းကို ဂွါဒီယိုလာကချီးကျူးခဲ့ပြီး အသင်းကနေထွက်ခွာဖို့ ရှိမရှိကိုတော့ သူကိုယ်တိုင်လည်းမသိဘူးလို့ဆိုပါတယ်။ ဂွါဒီယိုလာက "သူ့ရဲ့အနာဂတ်အစီအစဉ်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကိုပြောပြထားတာမျိုးမရှိပါဘူး။ သူက အသင်းရဲ့ခေါင်းဆောင်ပါ။ ကျွန်တော်တို့နှစ်ယောက်ကြားမှာ ရင်းနှီးတဲ့ဆက်ဆံရေးရှိပေမယ့် သူဘယ်လိုဆုံးဖြတ်သွားမယ်ဆိုတာတော့ ကျွန်တော်မသိရပါဘူး" လို့ပြောကြားခဲ့ပါတယ်။
မန်စီးတီးမှာ ဆုဖလားတွေကိုစိန်ခေါ်နိုင်ဖို့ ကစားသမားအလုံအလောက်ရှိနေကြောင်းကိုလည်း ဂွါဒီယိုလာက "ဒီပွဲရဲ့နောက်ဆုံး မိနစ် ၂၀ မှာကျွန်တော့်အနေနဲ့ တီဂျာနီရိုင်ဒါ၊ အော်စကာဘော့ဘ်၊ ရာယန်ချာကီနဲ့ အိုမာ မာမွတ်ရှ်တို့ကို ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ ဒါတောင်အရန်ခုံမှာ ဖီးလ်ဖိုဒန်၊ နာသန်အကီနဲ့ နူရီတို့လိုကစားသမားတွေကျန်ရှိနေပါသေးတယ်။ ဒီလူစာရင်းနဲ့ဆိုရင် ကျွန်တော်တို့ပြိုင်ပွဲတိုင်းမှာယှဉ်ပြိုင်ဖို့အသင့်ပါပဲ"
"ကျွန်တော်တို့မှာ ယုံကြည်စိတ်ချရတဲ့ကစားသမား ၁၃-၁၄ ယောက်လောက်အထိရှိနေပါတယ်။ ဒါပေမယ့် ပွဲကစားချိန် မိနစ် ၇၀ အကျော်မှာတော့ နောက်ပွဲတွေအတွက် ကျွန်တော်တို့ကစားသမားအချို့ကို အနားပေးခဲ့ပါတယ်။ အခုချိန်မှာ ကျွန်တော်တို့ပွဲစဉ်တွေကို ပြန်လည်ထိန်းချုပ်လာနိုင်ပါပြီ" လို့ပြောကြားခဲ့ပါတယ်။