ထိတ်လန့်စရာထုတ်ပြန်ချက်နဲ့အတူ ပေါ်တူဂီနည်းပြဂျော့ရှ်ဂျီးဆပ်စ်ကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ စီရော်နယ်ဒို
နေရှင်းလိဂ်ပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်မှုအစီအစဉ်မှ ရုတ်တရက်ထွက်ခွာလာပြီးနောက် စီရော်နယ်ဒိုက ပေါ်တူဂီလက်ရွေးစင်အသင်းနည်းပြဂျော့ရှ်ဂျီးဆပ်စ်ကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။
အော်စလိုမှာ နော်ဝေနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်အတွက် ပွဲကစားချိန်မရရှိလို့ နည်းပြသစ်ဂျီးဆပ်စ်နဲ့ အဆင်မပြေဖြစ်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးနောက် ဒီဝါရင့်တိုက်စစ်မှူးက ပေါ်တူဂီလက်ရွေးစင်အသင်းလူစာရင်းမှ ဒေါသတကြီး ထွက်ခွာသွားခဲ့ပါတယ်။
လူမှုကွန်ရက်ပေါ်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ မက်ဆေ့ခ်ျတစ်ခုနဲ့အတူ အသက် ၄၁ နှစ်အရွယ်ကစားသမားရဲ့ အခုလိုပေါက်ကွဲမှုကြောင့် သူ့ရဲ့လက်ရွေးစင်ကစားသမားဘဝ အနာဂတ်အပေါ် သံသယတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
ဒါပေမဲ့ အခုအခါမှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟောင်းက လက်ရွေးစင်ကစားသမားတာဝန်ပေးအပ်မှုအတွက် အသင့်ရှိနေဦးမယ်လို့ ပြောကြားခဲ့သလို နော်ဝေနဲ့ပွဲစဉ်မတိုင်ခင် သူ့ဆီပေးအပ်ထားတဲ့ ကတိစကားကို ဂျီးဆပ်စ်ကိုယ်တိုင် ဖောက်ဖျက်ခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။
ဘော်လွန်းဒီအော်ဆုငါးကြိမ်တိုင်ဆွတ်ခူးရရှိခဲ့သူက သူ့ရဲ့အသင်းဖော်တွေနဲ့ ပေါ်တူဂီပြည်သူတွေကို တောင်းပန်ခဲ့သလို သူ့ရဲ့အပြုအမူတွေအတွက် ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ရဲ့ ဘယ်လိုပြစ်ဒဏ်ချမှတ်မှုကိုမဆို လက်ခံသွားမယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။
အင်္ဂါညနေပိုင်း၊ စာလုံးပေါင်း ၁,၉၀၀ ပါဝင်တဲ့ ထုတ်ပြန်ချက်တစ်ခုမှာ စီရော်နယ်ဒိုက "ကျွန်တော့်မှာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ကောင်းမွန်နေမယ်၊ ကလပ်အသင်းအတွက် ကစားပေးနေမယ်၊ ဂိုးတွေလည်း သွင်းယူပေးနိုင်မယ်ဆိုရင် ကျွန်တော့်အပေါ် ချမှတ်နိုင်တဲ့ ပွဲပယ်ပြစ်ဒဏ်ကို ခံယူပြီးနောက် ဒီနေ့အထိ အမြဲတမ်းရှိနေခဲ့သလိုပဲ ကျွန်တော်တို့လက်ရွေးစင်အသင်းအတွက် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ယူပေးဖို့ အသင့်ရှိနေပါလိမ့်မယ်"
"ကျွန်တော့်အတွက် ဂုဏ်သိက္ခာရှိတဲ့ နှုတ်ဆက်ပွဲ ရှိရမယ်ဆိုတာနဲ့ပတ်သက်လို့ အဖွဲ့ချုပ်က ကျွန်တော့်ကို အဲဒီအခွင့်အရေး ပေးချင်တယ်ဆိုတဲ့ ပြောဆိုသံတွေကို အများကြီး ကြားခဲ့ပြီးပါပြီ။ မကြာခဏ ဆာလောင်ငတ်မွတ်ပြီး စားစရာ ဘာမှမရှိခဲ့တဲ့ ကျွန်တော့်ရဲ့ဘဝအတွက် သင်ယူခဲ့ရတဲ့အချက်ကတော့ ဘယ်သူ့ဆီကမှ အလကားမရဘူးဆိုတာပါပဲ"
"ကျွန်တော့်ရဲ့ပရိသတ်တွေ အားလုံးကို၊ အထူးသဖြင့် ပေါ်တူဂီပြည်သူ အားလုံးကို ကျွန်တော်ကတိပေးနိုင်တာကတော့ ကျွန်တော်တို့ဆီမှာ နှုတ်ဆက်ပွဲစဉ်တစ်ခု ဒါမှမဟုတ် အဲဒီထက်ပိုပြီး ရှိလာနိုင်ပြီး အဲဒီပွဲစဉ်အတွက်လည်း အချိန်ရလာပါလိမ့်မယ်။ ဒါပေမဲ့ လက်ရွေးစင်အသင်းအကြောင်းကို စဉ်းစားလိုက်ချိန် ကျွန်တော် အမှန်တကယ်တွေးမိတဲ့အရာက ဝင်ရောက်ယှဉ်ပြိုင်တိုက်ပွဲဝင်ဖို့ပါပဲ"
"ကျွန်တော့်ဖခင်ကွယ်လွန်တဲ့ သတင်းကို ကြားသိခဲ့ရတဲ့နေ့မှာလည်း ကျွန်တော် ဒီလိုပဲ တွေးခဲ့တာပါ။ လက်ရွေးစင်အသင်းနဲ့အတူ စခန်းသွင်းလေ့ကျင့်နေချိန် ဖြစ်ပြီး နောက်တစ်နေ့ပွဲပြီးဆုံးတဲ့အထိ အဲဒီမှာပဲ ဆက်နေဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်။ ဘယ်ကလပ်အသင်းအတွက်မဆို ကျွန်တော် ဘယ်တော့မှ မလုပ်ပေးမယ့် အရာတစ်ခုကို နိုင်ငံအတွက် ကျွန်တော် လုပ်ဆောင်ပေးခဲ့ပါတယ်" လို့ ဖော်ပြထားပါတယ်။
ဝါရင့်ကစားသမားရဲ့ကြံ့ခိုင်မှုကို ထိန်းညှိဖို့အတွက် နော်ဝေ၊ ဒိန်းမတ်တို့နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်နှစ်ခုမှာ ကစားသမားကို အနားပေးသွားမယ်လို့ သူနဲ့ ဂျီးဆပ်စ်တို့အကြား သဘောတူညီမှုရယူခဲ့ပေမဲ့ နော်ဝေနဲ့ကစားမယ့် ပွဲနေ့မနက်ခင်းမှသာ မိနစ် ၃၀ ကြာ ပါဝင်ကစားရန် သူ့ဆီ ပြောဆိုလာခဲ့တယ်လို့ စီရော်နယ်ဒိုက စွပ်စွဲခဲ့ပါတယ်။
ပေါ်တူဂီကြယ်ပွင့်ရဲ့ထုတ်ပြန်ချက်မှာ "ကျန်တဲ့အကြောင်းအရာတွေကိုတော့ လူတိုင်းသိပြီးသားပါ။ ပွဲချိန်ပထမပိုင်းပြီးကတည်းက ကျွန်တော် သွေးပူလေ့ကျင့်ခန်း လုပ်ခဲ့တယ်၊ မိနစ်တွေ ကုန်ဆုံးသွားတာကို ကြည့်နေခဲ့ရပြီး လူစားဝင်ဖို့ လုံးဝ မခေါ်ယူခဲ့ပါဘူး"
"နည်းပြက ကျွန်တော့်ဆီပေးထားတဲ့ ကတိစကားကို ဖျက်ဆီးခဲ့ပါတယ်။ ဒါက သူ ကျွန်တော့်ဆီပေးထားတဲ့ ကတိစကားကို ဖျက်ဆီးခဲ့တဲ့ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။"
"နောက်ထပ်ကတိဖျက်မှုတွေကို ထပ်စောင့်မနေတော့ဘဲ လေ့ကျင့်ရေးစခန်းမှထွက်ခွာလာဖို့ ကျွန်တော်ကိုယ်တိုင် ဆုံးဖြတ်ခဲ့တာပါ" လို့ ဖော်ပြထားပါတယ်။
ရော်နယ်ဒိုက သူ့နိုင်ငံအတွက် ၂၃၄ ပွဲ ပါဝင်ကစားပြီး ၁၄၆ ဂိုး သွင်းယူပေးထားပါတယ်။